သတင်း

ငလျင်ဒဏ်သင့်ပြည်သူများတွက် KBC မှ ကျပ်သိန်း ၁,၅၀၀ မတည်‌ငွေနဲ့အတူ ကချင်လူထုများလည်းကူညီဆောင်ရွက်မှုပြုလုပ်နေ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ငလျင်ဒဏ်သင့် ပြည်သူလူထုတွက် ကျပ်သိန်း ၁,၅၀၀ မတည်လှူဒါန်းမှုနဲ့အတူ ပြည်တွင်း၊ပြည်ပရှိ ကချင်လူထုများကလည်း ကူညီဆောင်ရွက်မှုတွေလုပ်နေတယ်လို့ KNG ကနေပြီးတော့ စုံစမ်းသိရှိရပါတယ်။

KNG က ရရှိထားတဲ့အချက်လက်အရ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (Kachin Baptist Convention – KBC) ကျပ်သိန်း ၁၅၀၀ ၊ Lift for youths ကျပ်သိန်း ၃၀၊ Good Servant Charity Group(GSCG) ကျပ်သိန်း ၁၀၀ နှင့် MT25 Caring Team အဖွဲ့အပါအဝင် ပြည်တွင်းပြည်ပမှာရှိတဲ့ ကချင်လူထု၊တက်ကြွလှုပ်ရှားသူတွေဟာ အလှူငွေတွေကောက်ခံပြီး မြေပြင်မှာ ကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေနဲ့ချိတ်ဆက် ကူညီနေကြပါတယ်။

“KBCရဲ့ လူမှုကူညီရေးဌာနကနေပြီးတော့လည်း လက်တွေ့ကူညီသွားမယ်KBCအဖွဲ့ကနေပြီးတော့လည်း မန္တလေး၊ စစ်ကိုင်း နဲ့ နေပြည်တော် စတဲ့နေရာတွေမှာ ဒုက္ခဆင်းရဲ့ ရောက်နေကြတဲ့သူတွေ အားလုံးကို ကူညီသွားဖို့ အတွက်လည်း ကျွန်တော်တို့ ပြင်ဆင်ထားပါပြီလို့ KBC ဒုတိယအတွင်းရေးမှူးက KNG ကို ပြောပါတယ်။

လက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဟာ ကျပ်သိန်း ၁,၅၀၀ မတည်လှူဒါန်းမှုအပြင် မန္တလေးဂျူဗလီဝင်းနဲ့ LGZ(Lower Myanmar Kachin Baptist Association)ဝင်းအတွင်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ အရပ်သားပြည်သူ၂၀၀ကျော်ကို အစားအသောက်၊ ရေသန့်နဲ့ နေရာထိုင်ခင်းတွေကို တက်နိုင်တဲ့ ဘက်က ကူညီဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အလားတူ Good Servant Charity Group(GSCG) အဖွဲ့က မန္တလေးက လူငယ်တွေနဲ့ ချိတ်ဆက်ပြီး အစားအသောက်နဲ့ နေအိမ်ရှုံးဆုံးသွားတဲ့သူတွေကို ငွေကြေးအနည်းငယ် ကူညီသွားဖို့ စီစဉ်နေတယ်လို့ (GSCG)ရဲ့ အသင်းရဲ့ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။

ကျွန်မတို့ ကချင်ပြည်နယ်ဘက် ခက်ခဲနေတဲ့ အချိန်တွေမှာ မြန်မာပြည်အောက်ဘက်ပိုင်းက ပြည်သူတွေကနေပြီးတော့ အကူအညီတွေ ပေးတာရှိခဲ့တယ်။ ဒါကြောင့် သူတို့ဘက်က ခက်ခဲနေတဲ့အချိန်တွေမှာ ကျွန်မတို့ ဘက်ကလည်း ချစ်ခြင်းမေတ္တာ ပြသရအောင်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

အလှူငွေလှူဒါန်းကြသူတွေဟာ ကချင်ပြည်နယ် ဒေသခံတွေသာမက နိုင်ငံရပ်ခြားမှာ ဒုက္ခသည်အနေနဲ့ နေထိုင်ကြတဲ့သူတွေလည်း မိမိလုပ်ခလစာကနေ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် အလှူငွေထည့်ဝင်လှူဒါန်း‌နေကြတယ်လို့ မလေးရှားမှာ အလုပ်လုပ်ကိုင်နေသူတွေက ခုလိုပြောပါတယ်။

ကျနော်တို့ နိုင်ငံတစ်ခုတည်းမှာ အတူယှည်တွဲ နေထိုင်ကြတဲ့သူတွေ ဖြစ်တယ်။ မျိုးနွယ်စု မတူလို့ ဘာသာစကားမတူလို့ဆိုပြီး မတွေးဘဲ လူကို လူလိုဘဲမြင်ပြီး လူသားချင်းစာနာထောက်ထားတဲ့ အနေနဲ့ ကူညီတာဟာ ယုံကြည်သူတွေအတွက် ဘုရားသခင်ကြိုက်နှစ်သက်တဲ့ အရာဖြစ်ပါတယ်လို့ မလေးရှားရောက် ကချင်လူငယ်တစ်ဦးက ပြောပါတယ်။

Lift for youths အဖွဲ့ကတော့ မြေပြင်က ယုံကြည်စိတ်ချရတဲ့အဖွဲ့တွေနဲ့ ဆက်သွယ်လုပ်ဆောင်သွားဖို့ ရှိပြီး MT25 Caring Team က အရင်ဦးဆုံး မန္တလေးနဲ့ ရန်ကုန်က ဘာသာရေးအသင်းတွေနဲ့ ဆက်သွယ်ပြီး လူကိုယ်တိုင်သွားကာ အစားအသောက်ကူညီပေးသွားဖို့လည်းရှိတယ်လို့ ဆိုပါတယ်။

မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံ စစ်ကိုင်းနဲ့မန္တလေးမြို့တွေကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ရာစုနှစ်တစ်ခုကျော်အတွင်း အလွန်ပြင်းထန်တဲ့ ငလျင်ဖြစ်ခဲ့ပြီး ငလျင်ဒဏ်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်က နေအိမ်အဆောက်အဦးတွေအပါအဝင် စစ်ကိုင်းတံတား၊ သမိုင်းဝင်အဆောက်အဦးများ များစွာပြိုကျပျက်စီးကာ သေဆုံးသူ ၁၆၀၀ ကျော်ရှိလာပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံ စစ်ကိုင်းနဲ့မန္တလေးတို့ကို ဗဟိုပြုပြီးလှုပ်ခတ်သွားတဲ့ မြေငလျင်ပြင်းအားဟာ ၇ ဒဿမ ၇ ခန့်ရှိတယ်လို့ အမေရိကန်အစိုးရ ဘူမိဗေဒတိုင်းတာရေးအဖွဲ့ USGS ထုတ်ပြန်ထားပြီး သေဆုံးမှုကမြန်မာပြည်တစ်ဝှမ်းမှာ တစ်သောင်းကနေ တစ်သိန်းကြား ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လက်ရှိအချိန်ထိလည်း ငလျင်ဒဏ်သင့်ခဲ့တဲ့ မန္တလေး၊ စစ်ကိုင်းနဲ့ နေပြည်တော် မြို့တွေမှာ အရပ်ဘက်အဖွဲ့အစည်း၊ လူမှုကယ်ဆယ်ရေးအသင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ လာရောက်ကူညီနေကြဆဲဘဲ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button