သတင်း

ငလျင်ဒဏ်သင့်ဒေသဆီ သွားတဲ့ ကချင်ပြည်နယ် ကူညီရေးအဖွဲ့ တော်လှန်ရေးလက်နက်ကိုင်တွေရဲ့ လမ်းပိုင်းပိတ်ဆို့မှု ကြုံနေရ

ငလျင်ဒဏ်သင့်ခဲ့ရတဲ့ စစ်ကိုင်းနဲ့မန္တလေးတို့ကိုကူညီဖို့သွားတဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေကို လက်နက်ကိုင်တပ်တစ်ချို့ရဲ့ လမ်းပိုင်းပိတ်ဆို့တာတွေကြောင့် ခရီးနှောင့်နှေးခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေကပြောပါတယ်။

ငလျင်ဒဏ်လွတ်ကင်းခဲ့တဲ့ မြန်မာပြည်အထက်ပိုင်းက လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့တစ်ခြားသော ကိုယ်ထူကိုယ်ထ ကူညီ ပေးရေးအဖွဲ့တွေဟာ မြစ်ကြီးနားမန္တလေး ကားလမ်းကိုအသုံးပြုပြီး အကူညီပေးရေးလုပ်ငန်းတွေဆောက်ရွက်နေကြရတာ ပါ။

မတ်လ ၃၀ ရက်နေ့က စစ်ကိုင်းကိုဦးတည်ပြီးထွက်ခွာလာတဲ့ ကချင်ပြည်နယ်ကလူမှုကူညီရေးအသင်းအဖွဲ့တွေ အင်းတော်လမ်းပိုင်းတစ်နေရာမှာ အမည်မသိတဲ့လက်နက်ကိုင်တစ်ချို့က ည ၆ နာရီနောက်ပိုင်းဖြစ်တဲ့အတွက် ဖြတ်ခွင့် မပေးလို့ လမ်းပိုင်းရွာတစ်ရွာမှာညအိပ်ခဲ့ရတယ်လို့ KNG ကစုံစမ်းသိရပါတယ်။

ကျနော်တို့ပြောကြည့်သေးတယ် သူတို့ပေးမဖြတ်တာ။ သူတို့ရဲ့တာဝန်ချိန်လည်းဖြစ်တဲ့ ပေးမဖြတ်နိုင်ဘူးပေါ့။ သူတို့ သတ်မှတ်ထားတာမို့လို့တဲ့။ အဲ့တာကြောင့် ကျနော်တို့လည်းနောက်ပြန်ဆုတ်ပြီးဂိတ်တွေနဲ့ဝေးတဲ့နေရာတွေသွားအိပ်ရတာ။ ဘယ်တပ်ဖွဲ့တွေမှန်းတော့မသိဘူးလို့ ကူညီပေးရေးလုပ်ငန်းလုပ်ဆောင်ဖို့သွားရောက်သူတစ်ဦးက လမ်းပိုင်းအခြေနေကို ရှင်းပြပါတယ်။

လူမှုကူညီရေးအသင်းအဖွဲ့တွေအသုံးပြုတဲ့ မြစ်ကြီးနားမန္တလေး လမ်းပိုင်းက အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ်လကတည်းကနေ ငလျင်ဒဏ်မတိုင်ခင်အထိ တိုက်ပွဲတွေက ရပ်လိုက်နားလိုက်ဖြစ်နေတာပါ။

 မနေ့က လူမှုကူညီရေးအသင်းအဖွဲ့တွေ လမ်းပိုင်းပိတ်ဆို့ခံခဲ့ရတဲ့ အင်းတော်လမ်းပိုင်းနေရာတွေကိုတော့ ကာကွယ်ရေး ပူးပေါင်းတပ်တွေကထိန်းချုပ်ထားတာဖြစ်ပေမဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းတွေက လူမှုကူညီရေးအဖွဲ့တွေကို ဖြတ်သန်း ခွင့်မပေးခဲ့လည်းဆိုတာ KNG က အတည်မပြုနိုင်သေးပါဘူး။

 ဒီဖြစ်ပျက်ခဲ့တဲ့ဖြစ်စဥ်နဲ့ပတ်သက်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ ပြောခွင့်ရ ဦးနေဘုန်းလတ်ကို KNG က ဆက်သွယ်မေးမြန်းခဲ့ရာအခုလိုပြောပါတယ်။

ကျနော်တို့ကတော့ကူညီကယ်ဆယ်ရေးနဲ့ပတ်သက်လို့ဘယ်လမ်းကိုမှပိတ်ထားတာမျိုးမရှိဘူးပေါ့နော်။ ဒါတွေအကုန်လုံး ကိုလည်း ကူညီကယ်ဆယ်ရေးကိစ္စတွေဆိုရင် ဖွင့်ပေးဖို့အတွက်လည်းညွှန်ကြားထားပြီးဖြစ်တယ်။ ဒါပေမဲ့ပြဿနာကတော့ စစ်တပ်ဂိတ်ကိုဖြတ်ရတာမျိုးဆိုရင်စစ်တပ်ဘက်ကခွင့်မပြုတာတွေရှိသလို တစ်ချို့လမ်းပိုင်းတွေကျတော့လမ်းတွေပါပျက် ဆီးပြီးတော့ အရင်ပုံမှန်သွားလို့ရတဲ့နေရာတွေတောင် သွားလို့မရတာမျိုးတွေရှိပါတယ်။ အဲ့လိုနှောင့်နှေးမှုတွေကလွဲလို့ပေါ့ နော် ကျနော်တို့ NUG ဘက်ကတော့ ကျနော်တို့ရဲ့တပ်ဖွဲ့တွေကနေ လှူဒါန်းတဲ့ကိစ္စတွေ၊ ကူညီကယ်ဆယ်မယ့်ကိစ္စတွေအပေါ် တားဆီးပိတ်ပင်တာမျိုးလုံးဝမရှိပါဘူးခင်ဗျာလို့ ဦးနေဘုန်းလတ်ကပြောပါတယ်။

တစ်ဖက်မှာ ငလျင်ဒဏ်မတိုင်ခင်အထိ နှစ်ဖက်တပ်တွေအကြားမကြာခဏထိတွေ့တိုက်ပွဲပြင်းထန်လေ့ရှိတဲ့ အင်းတော်မြို့နယ် လမ်းပိုင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်ကပိတ်ထားတဲ့အတွက် ကွင်းလမ်းကိုသာအသုံးပြုပြီးသွားလာနေကြရတာ ပါ။

ဒါ့အပြင် ငလျင်ဒဏ်ကြောင့် အဲ့ဒီလမ်းပိုင်းတွေကိုဖွင့်ပေးချင်ပေမဲ့လည်း အဲ့ဒီနေရာတွေဟာ တိုက်ပွဲဧရိယာအတွင်းပါဝင်နေတဲ့ အတွက် စိန်ခေါ်မှုတွေရှိတယ်လို့ မြေပြင်မှာရှိနေတဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသားတစ်ဦးကရှင်းပြပါတယ်။

မိုင်းခင်းထားတာတွေလည်းရှိတယ်။ နှစ်ဖက်တပ်တွေဘက်ကပေါ့။ အင်းတော်မြို့က fire zone လည်းဖြစ်တယ်။ ကျနော် တို့က ကယ်ဆယ်ရေးကားတွေမို့မပစ်ဘဲလွှတ်ပေးရင်တောင် သူတို့ဘက်က မလွှတ်ပေးရင်ဘယ်လိုလုပ်မလဲ။ ကျနော်တို့ ဖွင့်လိုက်ရင်တောင်မှ ချက်ချင်းကမလွယ်လောက်ဘူးလို့ပြောပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG ဟာ စစ်ကိုင်းနဲ့မန္တလေးတို့ကိုအဓိကဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ငလျင်ဒဏ်ကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် ငလျင်ဒဏ်သင့်ဒေသနဲ့ဆက်စပ်တဲ့နေရာတွေ မှာ ခုခံစစ်ကလွဲပြီး ထိုးစစ်အားလုံး နှစ်ပတ်ဝန်းကျင်အကြာရပ်နားဖို့ မတ်လ ၂၉ ရက်နေ့ကဘဲ ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတစ်ဝှမ်းကလူထုတွေ ငလျင်ဒဏ်သင့်မြန်မာပြည်သူတွေအတွက်ပူဆွေးနေရချိန် အာဏာသိမ်းစစ်ကောင်စီတပ်အနေနဲ့ ငလျင်ဒဏ်သင့်တဲ့ မတ်လ ၂၈ ရက်နေ့အပါအဝင် ဒီနေ့အထိ ကချင်၊ စစ်ကိုင်း နဲ့ နိုင်ငံတစ်ဝှမ်းကဒေသတစ်ချို့ကို လေကြောင်း အသုံးပြုဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေပြီး သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။

ရာစုနှစ်တစ်ခုကျော်အတွင်းကြုံတွေ့ခဲ့ရတဲ့ မြေငလျင်ပြင်းအားဟာ ၇ဒဿမ ၇ ခန့်ရှိတယ်လို့ အမေရိကန်အစိုးရ ဘူမိဗေဒ တိုင်းတာရေးအဖွဲ့ USGS က ထုတ်ပြန်ထားသလို ငလျင်ဒဏ်ကြောင့်သေဆုံးမှုက မြန်မာပြည်တစ်ဝှမ်းမှာ ၁ သောင်းကနေ ၁ သိန်းကြားလူဦးရေရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒီကနေ့ မတ်လ ၃၁ ရက်နေ့ ညနေပိုင်းအထိတော့ ငလျင်ဒဏ်ကြောင့်သေဆုံးသူ ၁၇၀၀ ကျော်ရှိလာပြီး ဒဏ်ရာရရှိသူက ၃၄၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button