လဝါးရွာဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုများသလို တိုက်ပွဲကြောင့် ပြည်သူတွေ ပိတ်မိနေ

စစ်ရေးတင်းမာမှုဖြစ်နေတဲ့ ကချင်ပြည်နယ် တနိုင်းသွား လီဒိုလမ်းမပေါ် လဝါးကျေးရွာ (Lawa Mare) မှာ စစ်ကောင်စီလေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုများပြီး တိုက်ပွဲကြောင့်ဒေသခံပြည်သူတစ်ချို့ ပိတ်မိနေတယ်လို့ သိရပါတယ်။
လဝါးကျေးရွာထဲမှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေကို KIA ပူးပေါင်းတပ်တွေက မတ်လ ၃၁ ရက်နေ့ သွားရောက်ပစ်ခတ်မောင်းထုတ်လိုက်ပြီးနောက် ဧပြီလ ၁ ရက်နေ့ ညနေပိုင်း စစ်ကောင်စီတပ် ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လဝါးဒေသခံတစ်ဦး KNG ကိုပြောပါတယ်။
“မနေ့ညနေ ၄ နာရီဝန်းကျင်လောက် လဝါးစာသင်ကျောင်း ဘောလုံးကွင်းအလယ်တည့်တည့်မှာ လေယာဉ်ဗုံး ၂ လုံးကျမှန်ပေါက်ကွဲတယ်။ နွား ၉ ကောင်လောက်သေသွားတယ်။ ကျောင်းတွေလည်း အကုန်ပျက်စီးသွားတယ်။ လူထိခိုက်သေဆုံးတာတော့ မရှိဘူး။ ဒါပေမယ့် မနေ့ည ၇ နာရီလောက်ကနေ ဒီကနေ့ မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေသေးတယ်”လို့ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် လဝါးကျေးရွာအတွင်း စာသင်ကျောင်းအပါ နွား ၉ ကောင်နဲ့ တခြားအရပ်သားနေအိမ်တစ်ချို့ ထိခိုက်ပျက်စီးမှုများတယ်လို့ သိရပါတယ်။

ဒီကနေ့ ဧပြီလ ၂ ရက်နေ့ မနက်ပိုင်းအထိ လဝါးကျေးရွာ ပတ်ပတ်လည်မှာ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်အဖွဲ့နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဆက်ဖြစ်နေပြီးတော့ လဝါးကျေးရွာ အုပ်စုထဲမှာပါတဲ့ ခွန်စိုင်ယန်နဲ့ မဂေါင်းတောင် ကျေးရွာနှစ်ခုက ဒေသခံပြည်သူတွေ ပိတ်မိနေတယ်လို့လည်း ဆက်ဆိုပါတယ်။
“လဝါးအုပ်စုထဲက ခွန်စိုင်ယန်နဲ့ မဂေါင်းတောင် ကျေးရွာနှစ်ခုက ပြည်သူတွေ ပိတ်မိနေတယ်။ အဲဒီဒေသခံတွေက တိုက်ပွဲကြောင့် တောတွေထဲမှာ ပုန်းရှောင်နေကြတာဟုတ်တယ်။ သူတို့က နမ္မတီးတွေဘက်ကို သွားဖို့ကလည်း လမ်းကြောင်းမှာ တိုက်ပွဲတွေရှိနေသလို စစ်ဆေးတာတွေလည်းရှိတော့ ကြောက်ပြီး ဘယ်သူမှ မသွားရဲကြဘူး”လို့ပြောပါတယ်။
တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့လည်း သတင်းအရင်းအမြစ်တွေကပြောပါတယ်။
လဝါးကျေးရွာမှာ စစ်ရေးတင်းမာပြီး တိုက်ပွဲဖြစ်နေတာ တစ်ပတ်ကျော်ခန့်ကြာမြင့်လာတာနဲ့အညီ လဝါးဒေသခံရွာလုံးကျွတ်က နမ္မတီး၊ မိုးကောင်းစတဲ့ မြို့ကြီးနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်သွားကြတာကြောင့် အရပ်သားသေဆုံးမှုမရှိတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိဖြစ်နေတဲ့ လဝါးကျေးရွာတိုက်ပွဲအခြေအနေဟာ စစ်ကောင်စီတပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေက ဖားကန့်နဲ့ တနိုင်းကိုသွားတဲ့ လမ်းကြောင်းတွေကို ထိန်းချုပ်ဖို့ရန်အတွက် မတ်လကုန်ပိုင်းမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာကြတာဖြစ်ပါတယ်။
မတ်လ ၂၃ ရက်နေ့မှာ လဝါးကျေးရွာအနီးနဲ့ ဖားကန့် သွားလမ်း ကားမိုင်းမြို့ တစ်ကြောက KIA ဂိတ်စခန်းတွေကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ မတ်လ၂၄ ရက်နေ့မှာ လက်လွတ်လိုက်ရတဲ့ ဂိတ်စခန်းတွေကို KIA ပူးပေါင်းတွေက တန်ပြန်တိုက်ခိုက်ရယူခဲ့တာဖြစ်ပါတယ်။
တနိုင်းသွားလမ်း လဝါးကျေးရွာအနီးတဝိုက်ဟာ KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၁)၊ (၂၀) အဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေဖြစ်ပါတယ်။
လက်ရှိ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ငလျင်ဘေးသင့် ကြုံတွေ့နေရတဲ့အချိန် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေက ထိုးစစ်တွေ ယာယီရပ်တန့်ထားကြောင်း ထုတ်ပြန်ကြေညာထားပေမယ့် အာဏာလုယူထားတဲ့ စစ်ကောင်စီတပ်က ထိုးစစ်ရပ်ထားတာမျိုးမရှိဘဲ လိုအပ်တဲ့ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်မယ်လို့ ဧပြီလ (၁) ရက်နေ့မှာ ကြေညာထားတာလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)