စစ်ကောင်စီဥက္ကဌကို BIMSTEC ထိပ်တန်းအစည်းအဝေးတက်ရောက်ခွင့်ပိတ်ဖို့ တောင်းဆိုရတာ ဘာကြောင့်လဲ။

ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ လာမယ့် ၂၀၂၅ ဧပြီ ၃ ရက်နဲ့ ၄ရက်နေ့မှာ BIMSTEC အဖွဲ့ဝင်နိုင်ငံ ခုနစ်နိုင်ငံဖြစ်တဲ့ ထိုင်း၊ ဘင်္ဂလားဒေ့ရ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနဲ့ မြန်မာ တို့ကနေပြီးတော့ BIMSTEC ထိပ်တန်းအစည်းအဝေး ကိုကျင်းပသွားဖို့ ရှိနေပါတယ်။
ဒီထိပ်တန်းအစည်းအဝေးမှာ BIMSTEC အဖွဲ့ဝင်နိုင်ငံတွေကနေပြီးတော့ စီးပွားရေး၊နည်းပညာ စတဲ့ ကဏ္ဍတွေအသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်သွားဖို့ ဆွေးနွေးကြမယ့်ပွဲလေးဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီထိပ်တန်း အစည်းအဝေးမှာ မြန်မာကိုယ်စားပြုအနေနဲ့ မြန်မာစစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်ကို တက်ရောက်ခွင့် ပိတ်ပင်ပေးဖို့အတွက် မြန်မာအရပ်ဘက် အဖွဲ့အစည်း ၃၁၉ဖွဲ့ကနေ BIMSTEC အဖွဲ့ဝင်နိုင်ငံတွေကို အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုထားတာဘဲ ဖြစ်ပါတယ်။
မြန်မာ စစ်ကောင်စီဥက္ကဌကို အရပ်ဘက်အဖွဲ့အစည်းတွေကနေပြီးတော့ BIMSTEC ထိပ်တန်းအစည်းအဝေး တက်ရောက်ခွင့်ပိတ်ဖို့ တောင်းဆိုရတာ ဘာကြောင့်လဲ?။
ဒီအစည်းအဝေးမှာ စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်ကို တက်ရောက်ခွင့် ပြုလိုက်တာက ဘယ်လိုသက်ရောက်မှုတွေ ဖြစ်သွားနိုင်လဲဆိုတာနဲ့ ပက်သက်ပြီး ရှေ့ပြေးအသံအဖွဲ့ ( Progressive Voice)ဥက္ကဌ ဒေါ်ခင်ဥမ္မာ ကို KNG ကနေပြီးတော့ ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ ပထမဦးဆုံး အနေနဲ့ BIMSTEC ထိပ်တန်းအစည်းအဝေး ဆိုတာ ဘယ်လို အစည်းအဝေးမျိုးလဲ ပြောပြပေးလို့ ရနိုင်မလားဗျ ဆရာမ။
ဖြေ ။ ။ BIMSTECကတော့ ဘင်္ဂလားပင်လယ်အော်နဲ့ ထိစပ်နေတဲ့ အရှေ့တောင်အာရှနိုင်ငံနဲ့ တောင်အာရှနိုင်ငံ ၇နိုင်ငံက ပေါင်းပြီးမှ ဖွဲ့ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီBIMSTEC ကတော့ ပြောရမယ်ဆိုရင် စီးပွားရေးအရ၊ နည်းပညာပိုင်းအရ ကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်ဖို့ အတွက်ကို စုထားတဲ့ဟာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် အစုအဖွဲ့လိုဖြစ်နေတဲ့ ဟာမျိုးကို အကြောင်းအရာပေါ် မူတည်ပြီး တွေ့ကြတာ မဟုတ်ဘဲနဲ့ အာဆီယံလောက် ပဋိညာဉ်စာချုပ်တွေ ဖွဲ့စည်းပုံ သဘောမျိုးမရှိတာက လွဲလို့ရှိရင် သူမှာက ၇နိုင်ငံကနေပြီးတော့ သဘောတူညီချက်တွေနဲ့ စုထားတဲ့ အဖွဲ့လို့ ပြောလို့ရပါတယ်။ ဆိုတော့ သူတို့ဘက်က စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ ကဏ္ဍအသီးသီး ၁၄ကဏ္ဍလောက်ရှိတာကို ၇နိုင်ငံက ပူးပေါင်းလုပ်ဆောင်နေကြတာ ရှိတယ်။ အကြောင်းအရာပေါ်မှာ မူတည်ပြီး အစည်းအဝေးတွေလည်း လုပ်နေတာရှိတော့ ဘန်ကောက်မှာ လုပ်နေတဲ့ အစည်းအဝေးလည်း ပုံမှန် လုပ်နေကြ အစည်းအဝေးလို့ ပြောလို့ ရပါတယ်။
မေး ။ ။ ဒုတိယအနေနဲ့ကတော့ စစ်ကောင်စီဘက်က ဒီအစည်းအဝေး တက်ရောက်မှာကို ဘာလို့ ပိတ်ပင်ရတာလဲဗျ။ ဘယ်လို အကြောင်းအရင်းမျိုးတွေကြောင့် ပိတ်ပင်သင့်တယ်လို့ ထင်မြင်မိလဲဗျ။
ဖြေ ။ ။ ဒီအစည်းအဝေးကို စစ်အုပ်စုတက်ရောက်ဖို့ ကျွန်မတို့ ဘာကြောင့် ပိတ်ပင်ရတာလဲ ဆိုရင် (၁) အချက်က စစ်အုပ်စုဟာ မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို ဥပဒေကြောင်းအရသော်လည်းကောင်း၊ ရွေးကောက်ပွဲနဲ့ ဥပဒေအရသော်လည်းကောင်း သို့မဟုတ် နယ်မြေစိုးမိုး ထိန်းချုပ်မှုအရသော်လည်းကောင်း သူ့မှာ တရားဝင်မှုဘာမှ မရှိနေတဲ့အတွက်ကြောင့် ဖြစ်တယ်။ ပြောချင်တာကတော့ သူသည် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင် အစိုးရမဟုတ်ဘူး။ ရွေးကောက်ပွဲနဲ့ တက်လာတာလည်း မဟုတ်သလို နယ်မြေစိုးမိုးမှုလည်း မရှိတော့ဘူး။ ဒါကြောင့် စစ်အုပ်စုသည် နယ်မြေစိုးမိုး အစိုးရဘဲ ပြောပြော ရွေးကောက်ပွဲကြောင့် ပြောပြော တက်လာတဲ့ အစိုးရ မဟုတ်နေဘူး။ အဲအတွက်ကြောင့်မို့ တရားဥပဒေနှင့်အညီ ဥပဒေကြောင်းအရ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် သူ့မှာ မရှိနေဘူး။ ဒါကြောင့် တခြားနိုင်ငံတွေအနေနဲ့ သူ့ကို ပေးမတက်သင့်ဘူးဆိုတာက သူသည် မြန်မာကိုယ်စားပြုဖြစ်မနေလို့ အဲတာက အဓိက ဖြစ်ပါတယ်။ နောက်တစ်ခုက မင်းအောင်လှိုင်သည် နိုင်ငံတကာ ရာဇဝတ်သားဖြစ်နေပြီး အာဂျင်တီးနားကလည်း သူ့ကို ဖမ်းဝရမ်းထုတ်ထားပြီ။ နိုင်ငံတကာ ရာဇဝတ်ရုံး ICC ကလည်း သူ့ကို ဖမ်းဝရမ်းထုတ်ပေးဖို့ကို ရှေ့နေချုပ်ကနေပြီးတော့မှ တရားရုံးကို လျှောက်တင်ပြီးသား ဖြစ်ပါတယ်။ ပြောချင်တာက သူသည် မြန်မာနိုင်ငံထဲမှာ ပြည်သူလူထုတွေ ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေ၊ မတရားဖမ်းဆီး သတ်ဖြတ်မှုတွေ၊ ဗုံးကြဲမှုတွေ အပါအဝင် အကြမ်းဖက်မှုမျိုးစုံကို နိုင်ငံတကာရဲ့ ဥပဒေအောက်မှာ ဆိုရင် လူမဆန်ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ မြန်မာနိုင်ငံကို ကိုယ်စားပြုမှုမရှိတဲ့အပြင် သူဟာ ရာဇဝတ်သားဖြစ်နေပြီ ဖြစ်တဲ့အတွက် အဲဒီအစည်းကို မြန်မာနိုင်ငံ ကိုယ်စားပြုပြီး တက်ရောက်ပိုင်ခွင့်ကို မရှိတာ ဖြစ်ပါတယ်။
မေး ။ ။ စစ်ကောင်စီအနေနဲ့ ဒီအစည်းအဝေးကို တက်ရောက်ခွင့် ရသွားရင် ဘယ်လို သက်ရောက်မှုတွေ ဖြစ်လာနိုင်လဲဗျ။
ဖြေ ။ ။ ပြောရမယ်ဆိုရင် မင်းအောင်လှိုင်နဲ့ သူ့အပေါင်းအပါ ရာဇဝတ်သားတစ်စုသည် ဘာဖြစ်နေလဲဆိုတော့ ငရဲခွေးကြီးလွတ်နေတယ်လို့ ပြောရမလား ပြည်သူတွေကို ငါတို့သတ်ချင်ရင် သတ်လို့ရတယ် ငါတို့ လက်ခုပ်ထဲကရေ ငါတို့ ဗုံးကြဲချင်ဗုံးကြဲမယ် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ဟာမျိုး ဖြစ်နေတယ်။ ဆိုတော့ သူတို့ ဒီအစည်းအဝေး တက်ရောက်ခွင့် ရခဲ့လို့ရှိရင် သူတို့ လုပ်နေတဲ့အရာတွေကို တစ်ကမ္ဘာလုံးက ငုတ်တုတ်ထိုင်ပြီး ရပ်ကြည့်နေတယ် ဘယ်သူမှ ငါတို့လုပ်တာကို မတားနိုင်ဘူး ဘယ်သူမှ ငါတို့ကို မတားရဲဘူး။ ငါတို့က ဘယ်သွားသွား သွားလို့ရနေသေးတယ် ဘယ်လောက်ဘဲ ငါတို့ အကြမ်းဖက်မှုလုပ်နေပါစေ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး သွားခွင့်ရနေသေးတယ်ဆိုတဲ့ သူ့ကို တရားဝင်မှု ပေးလိုက်သလို ဖြစ်သွားမယ်။ မင်းအောင်လှိုင်အနေနဲ့ တက်ခွင့်ရမယ်ဆိုရင် သူ့ကို သိက္ခာတင်မဲ့ ဂုဏ်ထပ်မယ့် ပွဲဖြစ်သွားပါမယ်။ ရှင်းရှင်းပြောရလို့ရှိရင် အဲဒီကနေပြန်လာပြီးတော့မှ သူ့အနေနဲ့ မြန်မာနိုင်ငံမှာ ဗုံးကြဲတာတွေ၊ အကြမ်းဖက်မှုတွေ ပိုလုပ်လာမယ်လို့ ကျွန်မတို့တွေ မြင်လို့ ရပါတယ်။ သူတို့ရဲ့ တရားမဝင်ဖြစ်နေတာကို ကျန်တဲ့ ၆နိုင်ငံကနေပြီးတော့မှ တရားဝင်မှုပေးသလို ဖြစ်သွားမယ်။ ကျန်ခဲ့တဲ့ ၄နှစ်ကျော် နွေဦးတော်လှန်ရေး စခဲ့တဲ့ အချိန်ကတည်းကနေ အခုချိန်ထိ မင်းအောင်လှိုင်ဟာ သူအားကိုးတဲ့ တရုတ်နဲ့ ရုရှားက လွဲလို့ရှိရင် ဘယ်မှသွားလို့ရတာ မဟုတ်ဘူး။ အဲတော့ တရုတ်နဲ့ ရုရှားလောက်ဘဲ သွားရဲတဲ့သူက ထိုင်းနိုင်ငံလို နေရာမျိုးကို လာခွင့်ရလိုက်ပြီဆိုရင် သူသည်ပိုပြီးတော့မှ သွေးနားထင်ရောက်ပြီး ငါလုပ်ချင်တာ လုပ်လို့ရတယ် ဘယ်သူမှ ငါ့ကို မတားရဲဘူး ဆိုတာမျိုး ဖြစ်သွားမယ်။ ကျွန်မတို့ တိုင်းပြည်နဲ့ ပြည်သူလူထုပေါ်မှာ သူရဲ့ အကြမ်းဖက်မှုတွေကို ပိုတွေ့ရလာတာမျိုး ဖြစ်လာလိမ့်မယ်။ အခုကြုံနေရတဲ့ ကပ်ဆိုက်မှုကြားထဲမှာ စစ်အုပ်စုက ပိုပြီး အကျိုးခံစားခွင့်ရသွာမဲ့ အခြေအနေမျိုးကို ဒီအစည်းအဝေးကနေပြီးတော့မှ အမြတ်ထုတ်လို့ ရသွားနိုင်တယ်။ နောက်တစ်ခုက သူဒီအစည်းအဝေးကို အချုပ်အခြာအာဏာပိုင်တဲ့ ထိပ်တန်း ခေါင်းဆောင်တစ်ယောက်အနေနဲ့ တက်ခွင့်ရမယ်ဆိုရင် သူ့ကို တရားဝင်မှုပေးလိုက်ရသလို ဖြစ်သွားနိုင်မယ်။ အဲဒီအဆင့်ကနေပြီးတော့မှ စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲလုပ်မယ့် ဟာကိုပါ ကျန်တဲ့ နိုင်ငံတွေက ထောက်ခံမှုပေးတဲ့ ပုံစံမျိုး ဖြစ်သွားမှာကို ကျွန်မတို့ ဖြစ်နိုင်ချေတွေကို တွက်ကြည့်ရတယ်ပေါ့နော စိုးရိမ်စရာ ဖြစ်ပါတယ်”။
မေး ။ ။ စစ်ကောင်စီအနေနဲ့ ဒီအစည်းအဝေးကို တက်ရောက်ခွင့် မရခဲ့လို့ ရှိရင် ပြည်သူလူထုတွေအတွက် အကောင်းဘက်က ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်လဲ။
ဖြေ ။ ။ သူတက်ခွင့်မရှိဘူး တက်လို့ မရတော့ဘူးဆိုလို့ရှိရင်တော့ ဒီစစ်အုပ်စုကိုဖြိုချဖို့ ကြိုးစားနေကြတဲ့ ပြည်သူလူထု တစ်ရပ်လုံး၊ တိုင်းရင်းသား လူမျိုးစုတွေ အားလုံး၊ လူငယ်မျိုးဆက်တွေ အားလုံးအတွက်ဘက်က ပိုပြီးမှ အားသာတယ်။ စစ်အုပ်စုဘက်က မတရားလုပ်တဲ့ အရာတွေကို သူတို့ဘက်က မြင်တဲ့အတွက်ကြောင့်မို့လို့ စစ်အုပ်စုနဲ့တော့ ပုလင်းတူ ဘူးဆို့ တော့ အဖြစ်မခံနိုင်ဘူးဆိုပြီး သူတို့ဘက်က ဆုံးဖြတ်တယ်ဆိုရင် တော်လှန်ရေးအောင်မြင်ဖို့ ကြိုးစားနေတဲ့ ပန်းတိုင်ရလဒ်ကောင်းတယ်ပေါ့နော။ ဒါပေမယ့် ဒီနိုင်ငံ ၇နိုင်ငံကို ကြည့်တဲ့အခါမှာလည်း ကျွန်မတို့ စိတ်ပူရတာကတော့ အိန္ဒိယအပါအဝင် ဒီနိုင်ငံတွေက ဘယ်လောက်ထိ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို လိုက်နာနေတဲ့ နိုင်ငံတွေလည်း ဆိုတဲ့အပေါ်မှာ ကျွန်မတို့ဘက်ကလည်း စိတ်ပူစရာတွေတော့ ရှိပါတယ်”။
မေး ။ ။ စစ်ကောင်စီအနေနဲ့ BIMSTEC ထိပ်တန်းအစည်းအဝေး တက်ရောက်မယ့်အပေါ် ထိုင်းအရပ်ဘက် အဖွဲ့အစည်းတွေက ဘက်ကကော ဘယ်လို အမြင်မျိုးရှိလဲဗျ။
ဖြေ ။ ။ ဒီတစ်ရက်နှစ်ရက်မှာဘဲ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို မကူညီတဲ့အပြင် ဗုံးကြဲပြီးတော့ သတ်ဖြတ်မှုတွေ လုပ်နေတဲ့ ဒီစစ်အုပ်စုနဲ့ ပက်သက်ပြီးတော့မှ အထူးသဖြင့် BIMSTEC အစည်းအဝေးက ဘန်ကောက်မြို့မှာ လုပ်မှာဆိုတော့ ထိုင်းနိုင်ငံရဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေ ရာနဲ့ချီကနေပြီးတော့ သူတို့ရဲ့ ဝန်ကြီးချုပ်ရုံးကို စာတိုက်ရိုက် လူကိုယ်တိုင်ပေးကြပြီးတော့မှ ဆိုရှယ်မီဒီယာမှာလည်း သူတို့ သတင်းစကားဖြန့်ဝေမှုတွေလည်း အများကြီးလုပ်နေတယ်။ မီဒီယာတွေဘက်က ဖော်ပြနေကြတာကတော့ ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေရဲ့တောင်းဆိုမှုက မင်းအောင်လှိုင်ကို BIMSTEC အစည်းအဝေးကို ပေးမလာနဲ့ ပေးမတက်နဲ့ ဘာကြောင့်လဲဆိုတော့ ဒီလူဟာ ပြည်သူတွေကို အကြမ်းဖက်နေတဲ့ ရာဇဝတ်သား ဖြစ်နေတယ်ဆိုတဲ့ဟာ အပါအဝင် မြန်မာပြည်သူတွေ ဒုက္ခရောက်နေတာ သူကြောင့် ဆိုတာမျိုးတွေကိုပါ ကြိုးစား ဖော်ပြနေကြပါတယ်။ အဲအပေါ်မှာ အိမ်ရှင် ထိုင်းအစိုးရအနေနဲ့ ဘယ်လို လုပ်ဆောင်မယ် ဆိုတာကိုတော့ ကျွန်မတို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မေး ။ ။ တစ်ဖက်မှာ နိုင်ငံတကာအနေနဲ့စစ်ကောင်စီနဲ့ မဟုတ်ဘဲ BIMSTEC ထိပ်တန်းအစည်းအဝေးကို ဘယ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ မြင်မိလဲဗျ။
ဖြေ ။ ။ BIMSTECကတော့ ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံကို တကယ်ကိုယ်စားပြုတဲ့ တရားဥပဒေကြောင်းအရရော နယ်မြေစိုးမိုးမှုအရရော ကြည့်မယ်ဆိုရင်တော့ စစ်အုပ်စုကို ခေါ်လို့ မရတော့ဘူး မကောင်းတော့ဘူး ဆိုတာကို သူတို့ မြင်ရတော့မယ်ပေါ့နော။ နေပြည်တော်ကို ဘယ်လောက်ဘဲ ချုပ်ကိုင်ထား ဥပဒေကြောင်းအရကြည့်မယ်ဆိုရင် သူ့မှာ တရားဝင်မှုဘာမှ မရှိနေဘူး နယ်မြေစိုးမိုးမှု အရကြည့်မယ် ဆိုရင်လည်း တိုင်းပြည်ရဲ့ နယ်မြေတော်တော် များများနေရာတွေကို စစ်အုပ်စုထက် တော်လှန်ရေးဘက်က NUG, PDF, ERO စိုးမိုးထားပြီးသား ဖြစ်နေပြီ ဆိုတဲ့အပေါ်မှာ သူတို့ ဖိတ်သင့်တာက NUG, EROတွေကို သူတို့ ဖိတ်သင့်တယ်။ ဒါမှဘဲ စစ်မှန်တဲ့ တိုင်းပြည်ကို ကိုယ်စားပြုမှုနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ နည်းပညာတွေကို ဆွေးနွေးကြမယ်ဆိုရင် ပိုပြီးတော့ လက်တွေ့ကြမယ်။
မေး ။ ။ နောက်ဆုံးအနေနဲ့ နိုင်ငံတကာကို ဆရာမတို့ အရပ်ဘက် အဖွဲ့အစည်းတွေကနေပြီးတော့ ဘယ်လို နေရာမျိုးမှာ ဘယ်လို ပုံစံမျိုးနဲ့ ပါဝင်ပေးဖို့ အကြံပြုချင်လည်း ဖြည့်စွက်ပြီးပြောပေးပါအုံးဗျ။
ဖြေ ။ ။ မြန်မာနိုင်ငံက အခု စစ်အုပ်စုနဲ့ တော်လှန်ရေးအပါအဝင် တော်လှန်ရေးကို ထောက်ခံပြီး စစ်အုပ်စုဖိနပ်အောက်က လွတ်မြောက်ချင်တဲ့ ပြည်သူတွေအားလုံးက တစ်ဖက်လို ဖြစ်နေတဲ့ အပေါ်မှာ သူတို့အနေနဲ့ မြင်ရမှာက စစ်အုပ်စုကို မဖိတ်တာ အဓိက သူတို့လုပ်သင့်တဲ့ အရာဆိုတာကို သိဖို့လိုပါတယ်။ ဒါမှဘဲ မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ မြန်မာနိုင်ငံရဲ့ ရှေ့ရေးကို ဆက်သွားမယ်ဆိုရင် စီးပွားရေးအရဘဲ ပြောပြော သူတို့ ဆွေးနွေးမယ့် အကြောင်းအရာတွေက ပြည်သူတွေရဲ့ ဘဝတွေပေါ်မှာ မူတည်ပြီး သူတို့ အကောင်းဆုံးလုပ်နိုင်ရင်တော့ အကောင်းဆုံး ဖြစ်နိုင်မယ်လို့ မြင်တယ်။ ကျွန်မတို့ ဒီအရပ်ဘက် အဖွဲ့အစည်းတွေ အနေနဲ့လည်း မင်းအောင်လှိုင်ကိုတော ပေးမတက်နဲ့ ကြားကာလ အစိုးရတွေက သူတို့ တကယ်ကို ဖိတ်ခေါ် ဆွေးနွေးရမယ် ဆိုတာကို ကျွန်မတို့ အမြဲပြောနေပြီး BIMSTEC အဖွဲ့အစည်းကိုလည်း ကျွန်မတို့ စာပို့ထားပါတယ်။
By – Hope