ပူတာအိုမြို့လယ်မှာ လောင်းကစားဝိုင်းဖွင့်လှစ်

ကချင်ပြည််နယ် ပူတာအိုမြို့လယ်ခေါင်မှာ လောင်းကစားဝိုင်းဖွင့်လှစ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။
ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်မှာရှိတဲ့ ”ရွှေတောင်”ဂိုဒေါင်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလစပြီး ခြောက်ကောက်ဂျင်၊ ငါးပစ်ဂိမ်း၊ရှမ်းကိုးမီးနဲ့စတဲ့ လောင်းကစားဝိုင်းတွေဖွင့်လှစ်ထားတယ်လို့ လုံးစွတ်ရပ်ကွက်နေအမျိုးသားတစ်ဦး KNG သတင်းဌာနကိုပြောပါတယ်။
“လမ်းမကြီးဘေးမှာပဲ လုံးစွတ်နဲ့လေယာဥ်ကွင်းရပ်ကွက်အစပ်ပေါ့ အဲ့ရွှေတောင်ဂိုထဲမှာအကြီးကြီးပဲဆောက်ထားတာ။ အဲ့ထဲဖွင့်ထားတယ် ဘိလိယက်ခုံးလည်းဖွင့်ထားတယ် ငါးပစ်ဂိမ်း ခြောက်ကောင်ဂျင်ဝိုင်းတွေရှိတယ်”လို့ အသက် ၃၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။
အဲ့ဒီလောင်းကစားဝိုင်းဟာ လေယာဥ်ကွင်းရပ်ကွက်နဲ့ ကောင်ကထောင်ရပ်ကွက်ကြား မြို့လယ်ခေါင်ကျတဲ့ လုံးစွတ်ရပ်ကွက်ထဲမှာဖြစ်ပြီး မြို့ရဲ့မိန်းလမ်းမကြီးနဲ့ ကိုက် ၁၀၀၀ ကျော်လောက်ဝေးတဲ့နေရာမှာဖွင့်လှစ်ထားတာလို့သိရပါတယ်။
မြို့ခံတွေပြောပြချက်အရ အဲ့ဒီလောင်းကစားဝိုင်းဟာ မနက် ၉ နာရီကနေ ညဘက် ၁၁ ရီအထိ၊ တစ်ခါတရံမနက်ပိုင်းအထိဖွင့်တယ်လို့သိရပါတယ်။
“အဲ့မှာကလိုင်းလည်းသုံးလို့ရတယ်ဆိုတော့ ဖွင့်တာကိုးနာရီစဖွင့်တယ် အစပိုင်းဆိုရင်ဒီတိုင်းပေါ်တင်ဖွင့်တယ်။အခုနောက်ပိုင်းလူပြောများလာလို့လားမသိ တံခါးပိတ်ပြီးမှအထဲမှာဖွင့်နေတာ အစောင့်ကလေးတွေလည်းအများကြီးပဲကျောင်းနေအရွယ်ယောကျာ်းလေးတွေစောင့်တယ်အလေ့အကျစောင့်တယ်တခါတလေညနက်တဲ့အထိဖွင့်တယ်”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကဆက်ပြောပါတယ်။
ဂိုဒေါင်ထဲမှာ လောင်းကစားဝိုင်းနဲ့အတူ Starlink Wifi လည်းတွဲဖွင့်ထားတယ်လို့ သိရပါတယ်။
ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာလည်း ငါးပစ်ဂိမ်း လောင်းကစားရုံတစ်ရုံဖွင့်လှစ်ခဲ့ပေမယ့် ဒေသခံပြည်သူတွေကန့်ကွက်တာ၊ KNG သတင်းဌာနက သတင်းဖော်ပြလိုက်တဲ့နောက် ရက်အနည်းအငယ်အကြာမှာ ပြန်ပိတ်သွားခဲ့ပါတယ်။
ငါးပစ်ဂိမ်း၊ ကာစီနို၊ ဂျင်ဝိုင်း အစရှိတဲ့ လောင်းကစားရုံတွေဟာ စစ်တပ်အာဏာသိမ်းနောက်ပိုင်း ကချင်ပြည် နယ်ရှိ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ ရွှေကူအစရှိတဲ့ မြို့ကြီးတွေမှာ ပေါ်ပေါ်တင်တင် ဖွင့်လှစ်လာနေတဲ့အတွက် တစ်ဖက်မှာဒေသတွင်း ခိုးဆိုးလုယက်မှု ပိုမိုဆိုးရွားလာနေတယ်လို့ ဒေသခံတွေပြောပါတယ်။
By – Zaw Zaw