မိုးညှင်းမြို့ ဆန်းသစ်စတိုးဆိုင်အနီး ပေါက်ကွဲမှုဖြစ်

ကချင်ပြည်နယ် မိုးညှင်းမြို့ နားခါမြောက်ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ၊ ဆန်းသစ်စတိုးဆိုင်အနီးပေါက်ကွဲမှုဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။
ဧပြီလ ၄ ရက် ဒီနေ့ နေ့လည် ၁ နာရီဝန်းကျင် အသံဗုံးတစ်လုံးပေါက်ကွဲတာလို့ မိုးညှင်းဒေသခံအမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။
“အသံဗုံး နေ့လည်တစ်နာရီကျော်ကဖြစ်တာ။လက်ရှိ ဗုံးပေါက်တဲ့နေရာမှာ လုံခြုံရေးတင်းကြပ်ထားတယ် လူအသွားအလာဖြတ်သန်းခွင့်မပြုဘူး“ လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် လက်ရှိချိန်ထိ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတယ်လို့သိရပြီး ပေါက်ကွဲမှုဖြစ်ချိန် အဲဒီနေရာနားကနေ ဆိုင်ကယ်နဲ့ဖြတ်သွားတဲ့ ပြည်သူနှစ်ဦး အနည်းငယ်ထိခိုက်မှုရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
မိုးညှင်းမြို့မှာ ဒီနေ့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်လာမယ်လို့ သတင်းထွက်ပေါ်နေတာကြောင့် စစ်တပ်ဘက်က လုံခြုံရေးတိုးမြင့်ထားချိန် ခုလိုပေါက်ကွဲမှုဖြစ်တာလို့ ဒေသခံတွေ ဆိုပါတယ်။
“ဒီနေ့ခက်ထိန်နန်လာမယ်လေ အဲဒါ ကြောင့် လုပ်တယ်ထင်တာပဲ။ ခုထိလည်း ဖြတ်လို့မရသေးဘူး လုံခြုံရေးချထားတုန်း ဖြစ်သွားတာ“လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။
မိုးညှင်းမြို့ထဲမှာ ဒီရက်ပိုင်း စစ်တပ်နဲ့ SNA ပူးပေါင်းအဖွဲ့က မြို့တွင်း၊မြို့ပြင် တပ်သားစုဆောင်းမှုအပြင်းထန်လုပ်နေတာကြောင့် (၂) ရက်အတွင်း လူငယ်၊လူလတ် ၅၀ ဦးခန့် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေကို SNA တပ်က စစစ်သင်တန်းပို့ဖို့စီစဉ်နေတယ်လို့ သိရပြီး ငွေကြေးတတ်နိုင်သူတစ်ချို့ ပြန်ရွေးယူနိုင်သူတွေလည်းရှိတယ်လို့ ဒေသခံ တွေပြောပါတယ်။
မိုးညှင်းမြို့ဟာ မြစ်ကြီးနား– မန္တလေးပြည်ထောင်စုလမ်းမပေါ်ရှိပြီး SNA ပူးပေါင်းတပ် အဓိက စစ်ရေးလှုပ်ရှားတဲ့နေရာဖြစ်ပါတယ်။
By – Zami