သတင်း

တနိုင်း-မြစ်ကြီးနားကားလမ်းပိုင်း စစ်ရေးတင်းမာနေလို့ ခရီးသွားပြည်သူတွေအခက်ကြုံ

ကချင်ပြည်နယ် မြစ်ကြီးနားတနိုင်းလီဒိုကားလမ်းပိုင်းမှာ KIA နှင့်မင်းဇေသန့်ပြည်သူ့စစ်တပ်တို့ နှစ်ဖက်စစ်ရေးတင်းမာနေတာကြောင့် ခရီးသွား ပြည်သူတွေအခက်အခဲကြုံနေရတယ်လို့သိရပါတယ်။

တနိုင်း မြစ်ကြီးနား လီဒိုကားလမ်းပေါ်ရှိ ဝါရာဇွပ်ကျေးရွာမှာထိုင်ထားတဲ့ KIAတပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်ကို မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့က မတ်လ ၁၄ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ ဒီနေ့အထိနှစ်ဖက်စစ်ရေးတင်းမာနေပြီး ထိတွေ့တိုက်ပွဲတွေမကြာခနဖြစ်နေတာကြောင့် ခရီးသွားပြည်သူတွေ အခက်အခဲ ဖြစ်နေတယ်လို့ မြစ်ကြီးနားရောက်နေတဲ့တနိုင်းဒေသခံတစ်ဦးကပြောပါတယ်‌ြ

လမ်းမှာလည်း အခြေနေကြည့်ပြီးသွားနေရတယ် ရှေ့မှာခြေနေမကောင်းဘူးဆိုနားရပြန်ပြီ။ ဒီလမ်းကပုံမှန်တောက်လျှောက်မောင်းရင်တစ်ရက်ခရီးတောင်မရှိဘူးလေ အခုက အဆင်းကို နမ္မတီးမှာတစ်ညအိပ်လိုက်ရတယ်။ တစ်ညအိပ်ခရီးဖြစ်သွားတာပေါ့လို့ အသက် ၃၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။

မိုင်ပေါင်း တစ်ရာနီးပါးဝေးတဲ့ မြစ်ကြီးနားတနိုင်းလမ်းခရီးဟာ ပုံမှန်တစ်ရက်ခရီးသာရှိပေမယ့် မတ်လ ၁၅ ရက်နေ့နောက်ပိုင်းကနေပြီး  စစ်ရေးအခြေအနေကြောင့် လမ်းပိုင်းမှာမကြာခနရပ်နားရတာ၊ မြို့ဝင်မြို့ထွက်ဂိတ်တွေ ည ၆နာရီနောက်ပိုင်းဝင်ခွင့်ကန့်သတ်တာတွေကြောင့် ခရီးသည်အများစုက တစ်ညအိပ်ခရီးဖြင့်သွားနေရတယ်လို့သိရပါတယ်။

ကားကနေ့တိုင်းတော့ထွက်ပါတယ်ခရီးသည်ကောကုန်ကားကော ဒါပေမယ့် တစ်ရက်ထဲနဲ့ရောက်မယ်လို့တော့အားမခံလို့မရဘူးဗျ။ လမ်းမှာတစ်ညအိပ်ရတာတွေတော့ရှိတယ်ဗျ။ ကျနော်တို့လည်းပြောရခက်တယ်လို့မြစ်ကြီးနားတနိုင်းလမ်းပိုင်းမှာပြေးဆွဲနေတဲ့ကားဂိတ်တစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

စစ်ရေးအခြေအနေကြောင့် တနိုင်းဘက်ကနေဆင်းလာခဲ့ခရီးသည်တွေ နမ္မတီး၊လဝါးကျေးရွာတွေ မှာညအိပ်ရတာမျိုးရှိသလို မြစ်ကြီးနားဘက်ကနေတက်သွားတဲ့ခရီးသည်တွေလည်း နမ်ဖြတ်၊ဘန်ကောက်စတဲ့ကျေးရွာတွေမှာညအိပ်ရတာမျိုးရှိတယ်လို့သိရပါတယ်။

မင်းဇေသန့်ပြည်သူ့စစ်တပ်ဖွဲ့ဟာ ဒီရက်ပိုင်းလီဒိုကားလမ်းပေါ်ထွက်လာပြီး နောင်းမီ၊ဝါရာဇွပ်၊လဝါးစတဲ့ကျေးရွာတစ်ဝိုက်မှာစစ်ရေးလှုပ်ရှားနေပြီးနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေလည်းမကြာခနရှိနေတာကြောင့်ခရီးသွားတွေအတွက်အခက်အခဲ ဖြစ်နေတာလို့သိရပါတယ်။

ဒါ့အပြင်လီဒိုကားလမ်းပေါ်မှာစစ်ရေးလှုပ်ရှားနေတဲ့ မင်းဇေသန့်ပြည်သူစစ်အဖွဲ့က လည်းခရီးသွားတွေကိုရပ်တန့်စစ်ဆေးတာ၊မေးမြန်းတာတွေလည်းရှိနေကြောင်းသိရပါတယ်။

တိုက်ပွဲ ဖြစ်နေတဲ့ ဝါရာဇွပ်၊လဝါးကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပါပေးနေပြီး မတ်လ ၁၄ ရက်နေ့ကလည်း လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်မှုကြောင့်ဝါရာဇွပ်ကျေးရွာထဲက လူနေအိမ် ၁၆ လုံးထက်မနည်းမီးလောင်ခဲ့ပြီးအရပ်သားတစ်ဦးလည်းသေဆုံးခဲ့တယ်လို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button