သတင်း

ကချင်ပြည်နယ်အထက်ပိုင်း မိုးသည်းထန်စွာရွာသွန်းနေလို့ ဧရာဝတီမြစ်ရေမြင့်တက်လာ

ကချင်ပြည်နယ် အထက်ပိုင်းဒေသမှာ မိုးသည်းထန်စွာရွာသွန်းလို့ မေခ၊ မလိခမြစ်ရေကြီးပြီး ဧရာဝတီမြစ်ရေမြင့်တက်လာနေတယ်လို့ ဒေသခံတွေပြောပါတယ်။

ဧပြီလ ၂၁ ရက်နေ့ကစလို့ ကချင်ပြည်နယ်အထက်ပိုင်းဒေသတွေဖြစ်တဲ့ ပန်းနန်ဒင်၊နောင်မွန်း၊ဆော့လော်၊ခေါင်လန်ဖူးနဲ့လန်ဆယ်ဒေတစ်လျှောက်မှာ မိုးဆက်တိုက်ရွာသွန်းနေပြီး ချောင်း၊တံတားပျက်စီးတဲ့အထိ မိုးကြီးနေတယ်လို့ သိရပါတယ်။

အဲဒီနောက် ဧပြီလ ၂၃ ရက်ညစပြီး မေခ၊မလိမြစ်ရေစတင်မြင့်တက်လာတာလို့ ချီဖွေဒေသခံနဲ့ဆွမ်ပီယန်ဘက်ကဒေသခံတွေ KNG ကိုပြောပါတယ်။

မနေ့ညကစပြီးရေကြီးလာတာ အထက်ပိုင်းမှာမိုးအရမ်းရွာတယ်လို့ပြောကြတယ်။ ချီဖွေမှာလည်း ဒီမနက်ပိုင်းကစပြီး မိုးရွာနေတယ်။ မြစ်ရေကတက်တာတော့ မြန်နေသလိုပဲလို့ ချီဖွေဒေသခံ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

ချီဖွေဒေသခံတွေပြောချက်အရ မေခမမြစ်ရေဟာ မနေ့ညနေ ဒီနေ့အထိ ၅ ပေခန့်မြင့်တက်လာပြီး မြစ်ဘေးတစ်လျှောက်ရှိ စားသောက်ဆိုင်အနီးဝန်းရေဝင်ရောက်စပြုနေပြီလို့ သိရပါတယ်။အလားတူ ပူတာအိုခရိုင် မချမ်းဘော့ဘက်မှာလည်း မလိခမြစ်ရေမြင့်တက်နေတယ်လို့ ဒေသခံတွေပြောပါတယ်။

မနှစ်ကတော့ မေလလောက်မှာ ရေကြီးတာ ဒီနှစ်ကစောတယ်လို့ပြောလို့ရတယ်။ ခုရေကြီးလာလို့ မနှစ်ကလိုဖြစ်လာမလား ခုကျနော်တို့တောင်စိုးရိမ်နေတာလို့ နောက်ထပ် ချီဖွေ ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။

ဧရာဝတီမြစ်ရေမြင့်တက်လာတာနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် မိုး/ဇလ ဦးစီးအရာရှိရဲ့ ဒီမနက်ထုတ်ပြန်ထားချက်မှာတော့ မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာရှိပြီး လက်ရှိ မြစ်ရေဟာ ၈၈၁ စင်တီမီတာ၊ (၁၉) ပေအလိုမှာရောက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဧပြီလ ၂၃ ရက်ညကစပြီး စတင်မြင့်တက်လာတဲ့ ဧရာဝတီမြစ်ရေဟာ နောက်ထပ်ဆက်တိုက်မြင့်တက်လာနိုင်ပြီး စုစုပေါင်း ၆ ပေခန့်အထိ မြင့်တက်လာနိုင်ကာ ဧပြီလ ၂၅ ရက်နေ့ ပြန်လည်ကျဆင်းနိုင်တယ်လို့ ကချင်ပြည်နယ် မိုးဇလဌာနရဲ့အရာရှိက ဆက်ပြီးသုံးသပ်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လနှောင်းပိုင်း မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့အနောက်တောင်မုတ်သုံလေကြောင့် ကချင်ပြည်နယ် အထက်ပိုင်းဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မေခ၊ မလိခမြစ်ရေကြီးလာရာကနေ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေအမှတ်ထက် ၆ ပေကျော်မြင့်တက်ခဲ့ပါတယ်။

ဒါကြောင့် ကချင်ပြည်နယ်မှာ နှစ်ပေါင်း ၂၀ အကြာ စံချိန်တင်မြင့်တက်ခဲ့တဲ့ ဧရာဝတီမြစ်ရေကြောင့် လမ်းတံတားပျက်စီးမှု၊ မြေပြိုမှုနဲ့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ပြည်သူတွေ အများအပြားရှိခဲ့ပါတယ်။

By – အက်စတာ

Show More

Related Articles

Back to top button