
ကချင်ပြည်နယ် ဖားကန့်ဒေသဘက်ကို စစ်ကောင်စီတပ်က စစ်အင်အားတစ်ထောင်ဝန်းကျင်အသုံးပြုပြီး လမ်းကြောင်းနှစ်ခုကနေ ထိုးစစ်ဆင်တိုက်ခိုက်လာနေတယ်လို့ KIO ပြောပါတယ်။
ဒီလဆန်းပိုင်းကစပြီး အင်းတော်ကြီးဒေသဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ တစ်လဝန်းကျင်ခန့်အကြာ တနိုင်းလီဒိုလမ်းမပေါ် လဝါးကျေးရွာမှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖားကန့်ဒေသဘက်ကို ဦးတည်ပြီးထိုးစစ်ဆင်လာတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။
“စစ်ကောင်စီတပ်တွေက ဖားကန့်ဘက်ကို ပြန်ပြီးထိုးစစ်ဆင်ဖို့လုပ်နေတယ်။ တိုက်ပွဲဖြစ်နေတဲ့ လီဒိုလမ်းဘက်ကိုတော့ ဒီရက်ပိုင်းပြန်ငြိမ်သွားပြီ။ အခုက ကားမိုင်းဘက်ကနေလည်းထိုးနေတယ်။ နောက်အင်းတော်ကြီးဘက်ကနေလည်းထိုးနေတယ်။ အင်တိုက်အားတိုက်နဲ့ အင်အားတစ်ထောင်လောက်ရှိမယ် ထိုးလာတာ။ ကချင်ပြည်နယ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေစုပြီးတော့ ထိုးလာတယ်လို့ဖြစ်မယ်”လို့ပြောပါတယ်။
ဖားကန့်ဒေသဘက်ကို ဦးတည်ပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ဖားကန့်– မြစ်ကြီးနား လမ်းကြောင်းတွေကို ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့စကပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကနေ ယာယီပိတ်ထားတယ်လို့ သိရပါတယ်။
KIA ဘက်ကနေ ဖားကန့်လမ်းပိတ်ထားတာတယ်လို့ ဒေသသတင်းအရင်းအမြစ်ဆီးတွေဆီကနေ သိရပေမယ့် ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပေးတာမျိုးတော့မရှိသလို လမ်းပိတ်ထားတဲ့ အခြေအနေကိုလည်း အသေးစိတ်စုံစမ်းနေဆဲဖြစ်ပါတယ်။
ဧပြီလ ၂၃ ရက်နေ့ မနေ့က ဖားကန့်နဲ့ တနိုင်းကိုတက်တဲ့ ကားသမားတွေကို နမ္မတီးမြို့အထွက် မရန်ကထောင်စစ်တပ်ဂိတ်မှာ လမ်းပိတ်ဆို့ထားတယ်လို့ ကားသမားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဖားကန့်ကို ဦးတည်ပြီးစစ်ကြောင်းထိုးဖို့ ယူဆလို့ရတဲ့ စစ်ကောင်စီတပ် စစ်အင်အား ၅၀၀ ဝန်းကျင်ခန့်က ဒွမ်ဘုန်းချောင်း(Dum Bung Hka) ကနေ လဝါးကျေးရွာအထိ စစ်ကြောင်း ၃ ခုခွဲပြီး ရှိနေကြတယ်လို့ ဖားကန့်ကိုတက်တဲ့ ကားသမားတစ်ဦးက အခုလိုပြောပြပါတယ်။
“မနေ့ကဆင်းလာတာ လဝါးလမ်းမှာတင် အင်အား ၅၀၀ လောက်ရှိတယ်။ အဲ့ ၅၀၀ ကိုက အဖွဲ့ ၃ ဖွဲ့ရှိတယ်။ မရန်ကထောင်ကျော်လာပြီးတော့ ဒွမ်ဘုန်းခအကျော်နားမှာတစ်ဖွဲ့၊ လိမ္မော်ခြံနားမှာတစ်ဖွဲ့ ကြားမှာတစ်ဖွဲ့ရှိသေးတယ်။ အဲထဲမှာတစ်ဖွဲ့ တုန်ဖုံးကား၊ အိမ်စီးကားတွေနဲ့ရှိနေကြတယ်။ ကျနော်တို့ သတင်းရတာကလည်း ဖားကန့်ဘက်ကို တက်ဖို့ဆိုပြီးတစ်ဖွဲ့ချင်းစီလွတ်နေတယ်”လို့ပြောပါတယ်။
မျက်မြင်တွေ့တဲ့ ကားသမားတွေရဲ့ ပြောဆိုချက်အရ လဝါး၊ ကားမိုင်းလမ်းကနေ ဖားကန့်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား ၅၀၀ ဝန်းကျင်ခန့်ရှိပြီး အဲ့ထဲမှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေလည်းပါဝင်တယ်လို့ ပြောပါတယ်။
နောက်ထပ် စစ်ကောင်စီတပ်တွေဟာ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသကနေ ဖားကန့် ဂွေခါဘက်ကို စစ်ကြောင်းတစ်ခုနဲ့ စစ်ကြောင်းထိုးနေသလို အင်းတော်ကြီးဒေသ လုံးတုံနဲ့ ဆနွမ်းကုန်းကျေးရွာတွေမှာလည်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
KIA တပ်တွေ ထိန်းချုပ်ထားတဲ့ ဆနွမ်းကုန်းကျေးရွာကို စစ်ကောင်စီတပ်တွေက ဧပြီလ ၂၃ ရက်နေ့ ၂ ကြိမ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးတော့ ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်လောက်မှာလည်း လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေပြောဆိုလာပါတယ်။
အင်းတော်ကြီးဒေသမှာ ဧပြီလ ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်တွေက KIA တပ်ရှိတဲ့ ဆနွမ်းကုန်းဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားရာကနေ နှစ်ဖက်တပ် စစ်ရေးတင်းမာမှုဖြစ်နေတာဖြစ်ပါတယ်။
အလားတူ ဖားကန့်နဲ့ တနိုင်းလီဒိုလမ်း လဝါးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကစတင်ပြီး လေကြောင်းအပါ မြေပြင် စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်တစ်လဝန်းကျင်ခန့်အထိ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။
လဝါးတိုက်ပွဲဖြစ်တဲ့ တစ်လဝန်းကျင်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေက လဝါးကျေးရွာထဲက မနက်စျေးအပါ အရပ်သားနေအိမ် ၁၆၀ ကျော် မီးရှို့ဖျက်ဆီးပေးလိုက်တာဖြစ်ပါတယ်။
လက်ရှိ လဝါးဘက်မှာတိုက်ပွဲပြန်လည်ငြိမ်သက်သွားတာ ၃ ရက်ခန့်ရှိလာပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ဖားကန့်ဒေသဘက်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ လုပ်ဆောင်လာတဲ့အတွက် ဖားကန့်သွားလမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား စစ်ရေးပြန်လည်တင်းမာနေတာဖြစ်ပါတယ်။
တစ်ဖက်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က မြန်မာငလျင်သင့်ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးကို အရှိန်တဟုန် ကူညီပေးဖို့ ခေါင်းစဉ်နဲ့ ဧပြီလ ၃၀ ရက်နေ့အထိ ယာယီအပစ်ခတ်ရပ်စဲရေးကာလအဖြစ် ထပ်တိုးကြေညာနေပေမယ့် ကချင်မှာတော့ စစ်တပ်က လေကြောင်း၊ မြေပြင်စစ်ကြောင်းပါ ထိုးစစ်ဆင်နေပါတယ်။
မြန်မာငလျင်ဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဧပြီ ၂ ရက်ကနေ ၂၂ ရက်နေ့အထိ ယာယီအပစ်ခတ်ရပ်စဲရေးကာလအဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
ခုလို စစ်ကောင်စီဘက်ကနေ ယာယီအပစ်ခတ်ရပ်နားကြောင်း ထုတ်ပြန်ကြေညာနေပေမယ့် ကချင်ပြည်နယ်ထဲ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပြီး နေ့တိုင်းလိုလို လေကြောင်းနဲ့ မြေပြင်နဲ့ပါ ထိုးစစ်တိုက်နေတာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြောဆိုထားတာလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)