ကသာကို စစ်တပ်က လေကြောင်းအသုံးပြုအင်အားဖြည့်

စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့အခြေစိုက် ခမရ ၃၀၉ တပ်ထဲ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီးအင်အားဖြည့်တင်းခဲ့တယ်လို့ KNG က စုံစမ်းသိရပါတယ်။
ကသာမြို့နယ်ကိုစစ်အင်အားထပ်ဖြည့်ထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝန်းသိုမြို့နယ်ကိုရောက်ရှိနေတဲ့တပ်မ ၇၇ လက်အောက်ခံ ခမရ ၁၀၁ တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကနေတပ်ဆုတ်သွားတဲ့စစ်ကြောင်းလို့ စစ်ကိုင်း နဲ့ ကချင်အစပ်ကကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသားတစ်ဦးက“ကသာမှာလောလောဆယ်အဝင်အထွက်တွေကြပ်နေတယ်။ စစ်ကောင်စီဘက်က စစ်ဆေးရေးတွေတော်တော်လေးတင်း ကြပ်နေတယ်လို့ကြားတယ်ဗျ။ ကသာရဲ့ ၃၀၉ ထဲမှာဆိုရင် နောက်ဖြည့်တာတွေရောအရင်ရှိတာတွေရောဆိုရင် အင်အား ၆၀၀ လောက်ဖြစ်သွားမယ်ဗျ”လို့လက်ရှိကသာမြို့နယ်အခြေနေကိုပြောပါတယ်။
ပြီးခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေဖမ်းဆီးရမိခဲ့တဲ့ အမှတ် ၇၇ ခြေမြန်တပ်မရဲ့ လက်အောက်ခံ ခမရ ၁၀၁ တပ်ရင်းဟာ ကချင်အစပ်၊စစ်ကိုင်းအထက်ပိုင်းက မြို့တွေမှာအဓိကစစ်ရေးလှုပ်ရှားနေတဲ့ စစ်ကြောင်းဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ အင်းတော်မြို့ကိုလက်လွှတ်လိုက်ရတဲ့နောက်ပိုင်း ကသာမြို့နယ်ကိုစစ်အင်အားဖြည့်တင်းမှုတွေလုပ်လာတာဖြစ်ပြီး ဖြည့်တင်းထားတဲ့စစ်အင်အားဘယ်လောက်ဆိုတာကိုတော့ KNG ကအတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် ကသာမြို့နယ်ဟာ လက်ရှိမြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့နဲ့လည်းမဝေးလှတဲ့နေရာမှာ တည်ရှိသလို စစ်ကောင်စီလက်လွှတ်ထားရတဲ့အင်းတော်မြို့နဲ့လည်း မိုင် ၂၀ ကျော်သာကွားဝေးတဲ့နေရာမှာတည်ရှိတာဖြစ်ပါတယ်။
“ကသာကိုအဓိကအင်အားဖြည့်ရတဲ့အကြောင်းအရင်းကတော့ သူကစစ်ကိုင်းတိုင်းအထက်ပိုင်းမှာဆိုရင် ကသာမှာခြေကုပ်ယူ ပြီးတော့မှ ဆုံးရှုံးလက်လွှတ်လိုက်ရတဲ့နယ်တွေကိုလည်းပြန်ယူနိုင်မယ်။ သူတို့အနေနဲ့ကသာကိုလာတိုက်မှာဘဲလို့လည်း မျှော် လင့်ထားမှာပေါ့ အင်းတော်ကိုလည်းသိမ်းယူလိုက်ရပြီဆိုတော့လေ”အထက်ပါကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသားက ဆက်ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့မှာတော့ ဗန်းမော်မြို့နယ်မှာကျန်ရှိနေသေးတဲ့ စစ်ကောင်စီလက်ကျန်တပ်စခန်းတွေကိုKIA နဲ့ ပူးပေါင်းတပ်တွေကထိုးစစ်ဆင်ပြန်လည်တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။
ဒါ့အပြင် ဖားကန့်မြို့ကိုဦးတည်ပြီးစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့တစ်ထောင်ကျော်ရှိတဲ့စစ်ကြောင်းနဲ့လည်း KIA ပူးပေါင်းတပ်တွေအကြား ဖားကန့်လမ်းပိုင်းက မအူပင်ရွာတစ်ဝှိုက်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး လူဦးရေထောင်နဲ့ချီ ဘေးလွှတ်ရာကိုတိမ်းရှောင်နေကြရပါတယ်။
အခုလိုအင်အားထောင်နဲ့ချီအသုံးပြီးထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ဟာ အင်အားပြင်းငလျင်နောက်ဆက်တွဲလုပ်ငန်းတွေ လုပ်ဆောင်ဖို့ဆိုကာ ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိပထမတစ်ကြိမ်အပစ်ရပ်ကြောင်းကြေညာခဲ့သလို အဲ့ဒီအပစ်ရပ် ကာလပြည့်တဲ့ ညမှာဘဲ ဒီဧပြီလကုန်အထိ အပစ်ရပ်ကြောင်းထပ်ထိုးကြေညာထားတာပါ။
ဒါ့ပေမဲ့ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အခုလိုအပစ်ရပ်ကြောင်းကြေညာပြီးနောက်ပိုင်းမှာဘဲ နိုင်ငံတစ်ဝှမ်းကိုလေကြောင်း တိုက်ခိုက်မှု နဲ့ လက်နက်ကြီးပစ်ခတ်မှုအကြမ် ၃၀၀ ဝန်းကျင်ပြုလုပ်ခဲ့တယ်လို့ Justice For Myanmar က ပြီးခဲ့တဲ့ဧပြီလ ၂၃ ရက်နေ့ကဘဲထုတ်ပြန်ထားပါတယ်။
By – အမိုး