တိုက်ပွဲသတင်း

မအူပင်ရွာအနီး စစ်တပ်နဲ့ KIA ပူးပေါင်းတပ် တိုက်ပွဲပြင်းထန်နေ

ဖားကန့်ဒေသဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း ကားမိုင်းမြို့အကျော် မအူပင်ကျေးရွာအနီးမှာ KIA တပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်ခံနေရပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာ ၄ ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။

အဲဒီစစ်‌ကြောင်းဟာ စစ်အင်အား ၅၀၀ ခန့်ရှိပြီး ဖားကန့်ဘက်ကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတဲ့အတွက် မအူပင်နဲ့ ကျောက်ထုကျေးရွာကြားမှာ ဒီကနေ့ ဧပြီလ ၂၈ ရက်နေ့အထိ ပိတ်ဆို့တိုက်ခိုက်နေတာလို့ ဖားကန့်ဒေသခံ တစ်ဦး KNG ကိုပြောပါတယ်။

စစ်ရေးအခြေအနေက စစ်ကြောင်းထိုးတက်လာတဲ့ စစ်ကောင်စီတပ်တွေက ကျောက်ထုမရောက်ခင် မအူပင်ကျေးရွာအကျော်မှာရောက်နေတယ်။ မတက်လာနိုင်အောင် KIA ဘက်ကလည်း ပြင်းပြင်းထန်ထန် ပိတ်ဆို့တိုက်ခိုက်နေတာ မကျော်တက်နိုင်သေးဘူးလို့ပြောပါတယ်။

လက်ရှိ မအူပင်မှာ ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတဲ့အတွက် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ နန့်ယားကျေးရွာဘက်ကို အချိန်မရွေးဝင်ရောက်လာနိုင်တဲ့အခြေအနေရှိနေတယ်လို့လည်းပြောပါတယ်။

မအူပင်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား မနေ့က ဧပြီလ ၂၇ ရက်နေ့ တစ်ရက်ထဲမှာပဲ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပြီး မနက်ပိုင်း ၈ နာရီကနေ ၁၀ နာရီအထိတစ်ကြိမ်၊ ညနေပိုင်း ၃ နာရီကနေ ၅ နာရီဝန်းကျင်အထိ တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ၅ ဦးထက်နည်း ထိခိုက်သေဆုံးမှုရှိခဲ့သလို စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုရှိတယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။

ဒါ့အပြင် မနေ့က တစ်ရက်တည်းမှာပဲ တိုက်ပွဲဖြစ်နေတဲ့ နေရာကို စစ်ကောင်စီတပ်တွေက လေကြောင်းနဲ့ မနက်ပိုင်း ၈ နာရီလောက်မှာ တစ်ကြိမ်၊ ၁၀ နာရီလောက်မှာ တစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အခုလို ဖားကန့်ဒေသဘက်မှာ ဦးတည်ပြီး စစ်တပ်ကနေ စစ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့အတွက် ဖားကန့်သွားလမ်းပေါ်က နန့်ယား၊ ကပ်မှော်နဲ့ ဆိုင်းဖရာ ကျေးရွာနေ ဒေသခံပြည်သူ ၆၀၀ ကျော်ခန့်က လက်ရှိမှာ ဖားကန့်မြို့ပေါ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။

အဲဒီကျေးရွာ ၃ ရွာက စစ်ရှောင်ပြည်သူ ၆၀၀ ဝန်းကျင်ခန့်ဟာ လက်ရှိမှာ ဖားကန့်မြို့နယ်ထဲက ကထန်ယန်၊ မဋေမှော်၊ နန့်မဖြစ်၊ သာယာကုန်း၊ မှော်စီစာ ၊ ယူမာ၊ ဆိုင်းအောင်၊ စပေါ့ စတဲ့ သက်ဆိုင်ရာ ဘာသာရေးဘုရားကျောင်းဝင်းနေရာတွေမှာ ထွက်ပြေးတိမ်းရှောင် နေကြတာဖြစ်ပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ နန့်ယား၊ ကပ်မှော်၊ ဆိုင်းဖရာ စတဲ့ကျေးရွာတွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလအတွင်းမှာ KIA က အပြီးသတ် သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာ တစ်နှစ်ဝန်းကျင်ခန့် ကြာမြင့်လာချိန် စစ်တပ်က အခုလို ထိုးစစ်ဆင်တန်ပြန် တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဧပြီလ ၂၄၊ ၂၅ ရက်ပိုင်းအတွင်းမှာပဲ အင်းတော်ကြီးနဲ့  ကားမိုင်းလမ်းကြောင်းနှစ်ခုကနေ စစ်အင်အား တစ်ထောင်ဝန်းကျင်သုံးပြီး ဖားကန့် ဒေသဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတာလည်းဖြစ်ပါတယ်။

ဖားကန့် ဒေသမှာ ဖြစ်နေတဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းသွယ်လို့မရတာလည်းဖြစ်ပါတယ်။

အလားတူ ကချင်ပြည်နယ်ထဲမှာ ဖားကန့်ဒေသအပြင် ၄ လခန့်အကြာ မြို့သိမ်းတိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်မှာလည်း ဧပြီလ ၂၅ ရက်နေ့စတင်ပြီး စစ်ကောင်စီတပ်ရှိတဲ့ တပ်စခန်းနေရာတွေကို KIA တပ်တွေက တစ်ကျော့ပြန် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button