သတင်း

အင်းတော်ကြီးဒေသထဲ စစ်ကောင်စီစစ်ကြောင်းဝင်လာလို့ ရွာပေါင်း ၅ ရွာက ပြည်သူများတိမ်းရှောင်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လက်ပံဆိုက်ကျေးရွာဘက်ကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာတာကြောင့် ရွာပေါင်း ၅ ရွာက ပြည်သူများ တိမ်းရှောင်နေရတယ်လို့‌ ဒေသခံတွေဆီကနေ သိရပါတယ်။

ဧပြီလ ၂၇ ရက်နေ့ စစ်ကား ၅ စီး၊ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီစစ်‌ကြောင်းဟာ အင်းတော်ကြီးဝှေခါကားလမ်းပိုင်းမှာရှိတဲ့ နန့်မွန်းမြို့နဲ့ မိုင်းနောင် နဲ့ လက်ပံဆိုက်ရွာဘက်ကို စစ်ကြောင်းထိုးဝင်လာတာလို့ ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

အခြေအနေကတော့မနေ့ညက လက်ပံဆိုက်မှာ စစ်ကားငါးစီးနဲ့ရောက်လာတယ် ပစ်သံခတ်သံတော့မကြားရဘူးစောင့်ကြည့်နေတုန်း ပြည်သူတွေကတော့ အားလုံးရှောင်နေရတယ်လို့ အသက် ၄၀ ကျော်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

လတ်တလော တိမ်းရှောင်နေရတဲ့ ကျေးရွာ တွေဟာ လက်ပံဆိုက်၊မိုင်းနောင်၊ရွှေလက်ပံ၊လယ်ပုံရွာအပါအဝင် ရွာ ပေါင်း ၅ ရွာကပြည်သူများ ဒီမနက်ကနေထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

မိုးညှင်းဘက်နဲ့ ဘုရားကွင်းရွာဘက်ကိုရှောင်တဲ့သူလည်းရှောင်ကြတယ် ပြီးတော့တချို့လည်းတောထဲတောင်ထဲရှောင်ကြတဲ့လူလည်းရှိတယ် ပစ်ကြခတ်ကြမရှိသေးပေမယ့်တိုက်ပွဲဖြစ်လာမှာစိုးလို့ကြိုတင်တိမ်းရှောင်နေကြတာပါ့လို့ နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦး ပြောပါတယ်။

အင်းတော်ကြီးဒေသထဲကို စစ်တပ်ဘက်က အခုလိုမြေပြင်ကနေစစ်ကြောင်းထိုးနေတဲ့အပြင် ဝေဟင်မှာလည်းလေယာဥ်တွေဝဲပျံနေတယ်လို့ အင်းတော်ကြီးဒေသခံအခြားအမျိုးသားတစ်ဦးကပြောပါတယ်။

လေယာဥ်လေးပတ်သွားနေတာပဲ မနေ့ကလည်းတုံပြင်ဘက်ကိုပတ်သွားတယ် တုံပြင်၊ဇီးကုန်းဘက်ကိုပတ်သွားနေတာလေယာဥ်ကလို့အခြားဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဧပြီလ ၂၄ ရက်နေ့စပြီး စစ်ကောင်စီတပ်ဟာ ဖားကန့်မြို့ကို ဦးတည်ကာ အင်အား‌ထောင်ချီသုံးပြီး စစ်ရေးလှုပ်ရှားနေတာဖြစ်ပါတယ်။

ဖားကန့်မြို့နယ်ထဲကဝင်ရောက်နိုင်တဲ့လမ်းကြောင်းတွေကတော့ အင်းတော်ကြီးဝှေခါကားနဲ့ မိုးကောင်းဖားကန့်ကားလမ်းနှစ်လမ်းသာရှိပြီး မိုးကောင်းဖားကန့်ကားလမ်းပိုင်းမှာ နှစ်ဖက်တပ်အကြား တိုက်ပွဲပြင်းထန်နေတာ ၄ ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button