မြစ်ကြီးနားမြို့ ဧရာဦးပန်းခြံထဲ အမျိုးသားတစ်ဦး သေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာဦးပန်းခြံမှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးနေတဲ့ ရုပ်အလောင်း တွေ့ရှိတယ်လို့ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။
ဖြစ်စဉ်မှာ ဧပြီ ၂၉ ရက် ည ၉ နာရီဝန်းကျင် ဧရာဦးပန်းခြံထဲအမျိုးသားတစ်ဦးသေဆုံးနေကြောင်း ပြည်သူတစ်ချို့ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်းထံ ဆက်သွယ်အကြောင်းကြားလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“သေတာက ၂၈ ရက်နေ့ကတည်းကနေသေတာ ဖြစ်နိုင်တယ်ဗျ။ ဘာလို့ဆိုအလောင်းက တော်တော်လေးမာနေပြီမို့လို့လေ ကျွန်တော်တို့ ခန့်မှန်းကြည့်တာကတော့ အစာရေဆာ ငတ်ပြတ်ပြီးတော့ သေဆုံးနိုင်ချေ များတယ်ဗျ”လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေး အသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
သေဆုံးသူက အိမ်ယာမဲ့တစ်ဦးဖြစ်ပြီး သေဆုံးတာလည်း ကြာမြင့်ပြီဖြစ်တဲ့အတွက် ဆေးရုံကြီး ခွင့်ပြုချက်ယူပြီး ရာဒါကောင်သုဿန်မှာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံနေရာတစ်ချို့က ပြည်သူများ ရွှေ့ပြောင်းအလုပ်လာရောက်လုပ်ကိုင်ကြသူတွေများလာတာနဲ့အတွက် ခုလိုအိမ်ခြေယာမဲ့ဘဝနဲ့ သေဆုံးတာ မကြာခနဖြစ်လာတယ်လို့ မြို့ခံပတွေ ပြောပါတယ်။
ဒါ့အပြင် ဖုန်းနဲ့ အင်တာနက်လိုင်း အရင်လိုနေရာတိုင်းမှာ မရတဲ့အတွက် ဖြစ်ပျက်နေတဲ့ အရာတွေကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့ခက်ခဲလာပြီး ပိုင်ရှင်မဲ့ ရုပ်အလောင်းလည်း ပိုများလာတယ်လို့ လူမှုကယ်ဆယ်ရေး အသင်းတွေက သုံးသပ်ပြောဆိုပါတယ်။
By – Hope