စစ်ရေးသတင်း

စစ်ရေးအခြေနေကြောင့် လီဒိုလမ်းမပေါ်ရှိ ရွာများ လယ်လုပ်ဖို့အခက်ကြုံ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ် ရှိ လဝါးကျေးရွာနဲ့ ဝါရာဇွပ်ကျေးရွာတစ်လျှောက် စစ်ရေးတင်းမာနေတာကြောင့် ကျေးရွာဒေသခံတွေဟာ လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ အခက်အခဲကြုံနေရတယ်လို့ ပြောပါတယ်။

မေလကစပြီး လယ်ယာဝင်ချိန်ဖြစ်နေပေမဲ့ တိုက်ပွဲနယ်မြေဖြစ်တဲ့ ဝါရာဇွပ်နဲ့ လဝါးကျေးရွာအပါအဝင်ကျေးရွာ ၄ ရွာက ပြည်သူတွေဟာ လုပ်ငန်သွားဖို့ အခက်ကြုံနေတယ်လို့ ဆိုပါတယ်။

နောင်းမီ၊ မန်ပန်၊ ဒွမ်ဘန် ဒီရွာတွေက တိုက်ပွဲဖြစ်နေတဲ့ ကြားနေရာမှာ ညှပ်နေတာကြောင့် စိုးရိမ်ရတဲ့အခြေအနေချင်းတွေက အတူတူပဲ။ လယ်လုပ်ရမလိုလို၊ မလုပ်ရမလိုလို။ အခုတချို့နေရာတွေက အခြေအနေတင်းမာနေတာကြောင့် လယ်၊ ယာ၊ ခြံ အလုပ်သွားလို့ မရဘူးဖြစ်နေတယ် သွားရင်လည်း လက်နက်ကိုင်တွေရှိနေတော့ မသွားကြနဲ့အုံးပြောထားတော့ ဒီလိုပဲ နေနေရတယ်လို့ဒွမ်ဘန်ကျေးရွာဒေသခံံအမျိုးသားတစ်ဦး က ပြောပါတယ်။

လယ်လုပ်ဖို့ခက်ခဲနေတဲ့ ရွာတွေဟာ ဝါရာဇွပ်၊လဝါး၊နောင်းမီ၊ မန်ပန်၊ ဒွမ်ဘန်စတဲ့ကျေးရွာတွေဖြစ်ပြီး ဒွမ်ဘွမ်းချောင်းတစ်လျှောက်ရှိကာ အိမ်ခြေတစ်ထောင်ခန့်ရှိတယ်လို့ သိရပါတယ်။

အဲဒီဒေသတွေမှာ ပြီးခဲ့တဲ့နှစ််ကလည်း စစ်ရေးအခြေအနေကြောင့် လယ်ယာလုပ်ငန်းကောင်းမွန်စွာ လုပ်ကိုင်နိုင်ခြင်းမရှိတဲ့အပြင် လယ်ယာစိုက်ပျိုးနိုင်ခဲ့တဲ့သူတစ်ချို့လည်း စပါးအထွက်မကောင်းတာကြောင့် လယ်လုပ်သူ တစ်နှစ်ထက်တစ်နစ် နည်းပါးလာတယ်လို့ ဒေသခံတွေပြောပါတယ်။ 

ဒါကြောင့် လာမဲ့နှစ်တွေမှာ စားဝတ်နေရေး ပိုမိုအခက်ကြုံလာမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။  

အခု လီဒိုလမ်းတစ်လျှောက် တိုက်ပွဲဖြစ်လို့ အားလုံး လယ်ယာစိုက်ပျိုးရေးလုပ်ငန်း မလုပ်နိုင်လာတော့ လာမယ့်နှစ်မှာ စားဖို့အတော်ခက်လာမယ်။ ကျနော်တို့ဒေသခံတွေပဲ ခက်မှာမဟုတ်ဘူး။ မြို့ဘက်တွေမှာ နေတဲ့သူတွေလည်း ခက်ခဲလာမယ်။ တောင်သူတွေ အလုပ်မဝင်နိုင်တော့ အားလုံးခက်လာမှာ စိုးရိမ်နေရတယ်လို့ဒွမ်ဘန်ရွာ ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။

လီဒိုလမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာဒေသခံပြည်သူတွေဟာ လယ်ယာမြေစိုက်ပျိုးရေးကို အဓိကအားထားပြီး အသက်မွေးဝမ်းကျောင်းပြုကြဖြစ် ပေမယ့် လက်ရှိ စစ်ရေးအခြေအနေကြောင့် ဒီဒေသတွေထဲက တောင်သူတွေဟာ လယ်ယာလုပ်ငန်းတွေ ရပ်နားထားရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစပြီး ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ကြား တိုက်ပွဲပြင်းထန်လာပြီးနောက် တစ်ပြိုင်နက်လဝါးကျေရွာဘက်မှာလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားလာတာဖြစ်ပါတယ်။ 

တိုက်ပွဲကြောင့် လက်ရှိ တောထဲစစ်ဘေးရှောင်နေကြရတဲ့ ဝါရာဇွပ်ကျေးရွာဒေသခံတွေအပါအဝင် အဲဒီရွာက စစ်ရှောင်ပြည်သူတွေ စစ်ရှောင်ခဲ့စဉ် ယူဆောင်လာခဲ့တဲ့ အစားအသောက်တွေ ကုန်လာပြီဖြစ်တာကြောင့် အရေးပေါ် ဆေးဝါးနဲ့ အစားအသောက် အကူအညီလည်း လိုအပ်နေတယ်လို့လည်း ဆက်လက်သိရပါတယ်။

ဒါ့အပြင် လေဒဏ်၊ မိုးဒဏ်ကြောင့် ခိုလှုံနေတဲ့ မိုးကာတဲတွေလည်း ပျက်စီးပြီး နေထိုင်စရာအခက်အခဲလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ကစပြီး လဝါးကျေးရွာက ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကားမိုင်းနမ့်ယားဘက်ကို ထိုးစစ်ဆင်လာတာကြောင့် မြစ်ကြီးနားဖားကန့်လမ်းပိုင်းကို KIA ဘက်က ယာယီပိတ်လိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ လက်ရှိ တနိုင်းသွားမယ့် လီဒိုလမ်းကနေ ဖားကန့်လမ်းဘက်ကို ဦးတည်ပြီး စစ်ကြောင်းပြန်ထိုးနေပြီဖြစ်တာကြောင့် ကားမိုင်းနမ့်ယားဘက်က ဒေသခံပြည်သူတွေလည်း ထပ်မံပြီး စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button