ဝိုင်းမော်မှာ နှစ်ဖက်တပ်အကြား အပြန်လှန်ပစ်ခတ်မှုရှိနေ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အနီးဝန်းကျင်မှာ KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်အပြန်လှန်ပစ်ခတ်မှုရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဝိုင်းမော်မြို့– ဆဒုံး–ချီဖွေ သွားလမ်းမပေါ်ရှိ လမြန်ရွာနဲ့ ဝိုင်းမော်– ဗန်းမော်သွားလမ်း ဝိုင်းမော်မြို့အထွက်နေရာမှာ မေလ ၄၊၅ ရက်နေ့မှာ အပြန်လှန်ပစ်ခတ်တာတွေရှ်ိနေပြီး နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာမှုရှိနေတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။
“စဖြစ်တာက စစ်တပ်ဘက်က KIA ရှိတဲ့နေရာဘက်ကို ဒရုန်းနဲ့လက်နက်ကြီးချတာ၊ပြီးတော့အဝေးကနေ လက်နက်ကြီးနဲ့ မကြာမကြာပစ်နေတာ။ မနေ့ကဆို လမြန်နဲ့ ဒီဘက် အင်းလေးရွာဘက် လက်နက်ကြီးတော်တော်ပစ်ခံရတယ်”လို့ ပြောပါတယ်။
ဝိုင်းမော်မြို့ရဲတစ်ခုတည်းသော အခိုင်အမာတပ်ဖြစ်တဲ့ ခလရ (၅၈) တပ်ကနေ လမြန်ရွာဘက်ကို ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ နေ့လည် ၁နာရီဝန်းကျင် ၂ ကြိမ်၊ ညနေ ၄ နာရီခွဲဝန်းကျင် ၃ ကြိမ်ထက်မနည်း လက်နက်ကြီးပစ်တာ၊ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။
မေလ ၅ ရက် မွှန်းလွှဲ ၂ နာရီဝန်းကျင်မှာတော့ ဝိုင်းမော်– ဗန်းမော်သွားလမ်းမ ခတ်ချိုရွာလမ်းခွဲအနီး တပ်ထိုင်ထားတဲ့ စစ်ကောင်စီတပ်က အင်းလေးရွာအနီးတပ်စွဲနေထိုင်တဲ့ KIA ဂိတ်ရှိတဲ့ဘက်ကို လက်နက်ကြီး၊ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် နှစ်ဖက်တပ်အကြား အပြန်လှန်ပစ်ခတ်တာ တွေရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“မနေ့က အင်းလေးနားပစ်နေကြလို့ ဂိတ်ကမဖွင့်ပေးဘူး။ခရီးသည်ကားအားလုံးရပ်ခိုင်းထားတာ။ ညနေပိုင်းမှ ဂိတ်ဖွင့်ပေးတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် မေလ ၆ ရက်နေ့ မနက် ၂ နာရီဝန်းကျင်မှာလည်း ဝိုင်းမော်မြို့ရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိစစ်ကောင်စီတပ်ရဲ့ နမ့်ပေါင်လေတပ်စခန်းကနေ ဝိုင်းမော်မြို့ဘက်ကို လက်နက်ကြီးပစ်ခတ်တာတွေရှိတယ်လို့ ဝိုင်းမော်မြို့ခံတွေ ပြောပါတယ်။
ဝိုင်းမော်မြို့နယ်ဟာ ကချင်ပြည်နယ်၊ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်တစ်ဖက်ဘက်ခြမ်းမှာရှိပြီး တရုတ်နယ်စပ်မြို့တွေဖြစ်တဲ့ ကံပိုက်တည်– ချီဖွေ– ပန်ဝါမြို့အဓိက ဆက်သွယ်ထားသလို၊ တစ်ဖက်မှာလည်း ဝိုင်းမော်– လိုင်ဇာ– ဗန်းမော်မြို့ဘက်ဆက်သွယ်ထားတဲ့ မြို့ဖြစ်ပါတယ်။
မြို့ဧရိယာနည်းပြီး ကျေးလက်ဧရိယာများတဲ့ ဝိုင်းမော်မြို့နယ်ဟာ ကျေးရွာပေါင်း ၂၂၀ ဝန်းကျင်ရှိပြီး ဝိုင်းမော်မြို့အထွက် ခလရ ၅၈ ရှိရာ ခကွမ်၊ဝူယန်ကျေးရွာအထိ စစ်တပ်ကထိန်းချုပ်ထားပြီး ဝူယန်အထက် လမြန်ရွာ၊ နမ့်ဝါ၊မုတ်ကျိတ်၊ဝါးရှောင်ကနေ ကံပိုက်တည်မြို့၊ပန်ဝါမြို့ တရုတ်နယ်စပ်ထိ နေရာအားလုံးကို KIA ပူးပေါင်းတပ်ထိန်းချုပ်ထားပါတယ်။
အလားတူပဲ ဝိုင်းမော်မြို့– ဗန်းမော်သွားလမ်းရှိ မြို့တွင်းနေရာဖြစ်တဲ့ ခတ်ချိုကျေးရွာလမ်းခွဲကလွှဲပြီး နမ့်ဆန်ယန်– လိုင်ဇာ– ဗန်းမော်သွားလမ်းအားလုံး KIA ဘက်က ထိန်းချုပ်ထားပါတယ်။
ဒါကြောင့် KIA ပူးပေါင်းတပ်နဲ့ စစ်တပ်တို့အကြား နယ်မြေထိန်းချုပ်မှု အလွန်နီးနီးကပ်ကပ်ရှိနေတဲ့တွက် လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေ ခပ်စိပ်စိပ်ဖြစ်နေပါတယ်။
ခုလိုလက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ်ထိခိုက်ပျက်စီးမှု ပိုများလာနေတယ်လို့လည်း သိရပါတယ်။
တိုက်ပွဲကြောင့် မြို့ပေါ်ပြည်သူအပါအဝင် မြို့အနီးဝန်းကျင် ကျေးရွာ ၂၀ ခန့်ရှိ ပြည်သူတွေကတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလ ၇ ရက်နေ့စတင်လာတဲ့ KIA ပူး ပေါင်းတပ်ရဲ့စစ်ဆင်ရေးနောက်ပိုင်း ဘေးလွှတ်ရာကို တိမ်းရှောင်သွားကြပြီဖြစ်ပါတယ်။
By – Zami