
မေလကုန်အထိ အပစ်ရပ်ကြောင်းကြေညာထားတဲ့ စစ်ကောင်စီတပ်က ကချင်ပြည်နယ်၊ ဖားကန့်ဘက်ကို မြေပြင်၊ဝေဟင်နဲ့ ထိုးစစ်ဆင်နေတာ ၂ ပတ်တိတိရှိလာပြီဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့နယ်မြေတွေပြန်ရဖို့ စစ်တပ်က ဧပြီလ ၂၃ ရက်ကစပြီး ကားမိုင်း၊ အင်းတော်ကြီးဒေသကနေ ဖားကန့်ဘက်ကို အင်အားရာချီနဲ့ ထိုးစစ်ဆင်နေတာပါ။
အဲဒီစစ်ကြောင်းတွေကို KIA ပူးပေါင်းတပ်ကလည်း ကားမိုင်း– ဖားကန့်လမ်းပိုင်းရှိ မအူပင်၊ နန့်ယားတစ်လျှောက်စောင့်ကြိုတိုက်ခိုက်ပေမယ့် စစ်တပ်ကလေကြောင်းအကူနဲ့ မေလ ၅ ရက်မှာ ကပ်မှော်ရွာထိရောက်ရှိလာပြီဖြစ်ပါတယ်။
မေလ ၇ ရက် ဒီနေ့ထိ ကပ်မှော်ရွာနဲ့ ဆိုင်းဖရာရွာကြား နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဒီနေ့ နေ့လည် ၁၁ နာရီဝန်းကျင်မှာ မြစ်ကြီးနားလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။
“ခုလေယာဥ်လာကျဲသွားတယ်။တိုက်ဖြစ်တဲ့နေရာကို အသေးစိတ်တော့မသိရသေးဘူး။ တိုက်ပွဲက တော်တော်လေးပြင်းထန်နေပါတယ်”လို့ KIA နဲ့နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုတွေလည်းရှိတယ်လို့သိရပေမယ့် အသေးစိတ် ဖော်ပြလို့မရသေးဘူးလို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီပူးပေါင်းတပ်ဟာ ထိုးစစ် ၂ ပတ်အတွင်း ဖားကန့်မြို့ရဲ့ အရှေ့ဘက် ၂၂ မိုင်အကွာရှိ ကပ်မှော်ရွာအထိရောက်ရှိလာပြီး ကပ်မှော်ကနေထပ်ပြီး ကျော်တက်နိုင်ဖို့ လေကြောင်းအကူနဲ့ ပြင်းပြင်းထန်ထန်ကြိုးစားနေတာလို့ KPDF နဲ့နီးစပ်သူတစ်ဦးကလည်း ခုလိုပြောပါတယ်။
“လေကြောင်းနဲ့မပစ်ကူရင် သူတို့ အဲလောက်ထိရှေ့မတိုးရဲဘူး။ ခုက လေယာဉ်နဲ့ပစ်ကူနေလို့ ကပ်မှော်ထိရောက်လာတယ်။ဒီဘက်ကလည်း အပြင်းထန်ခုခံ နေကြတယ်”လို့ ပြောပါတယ်။
ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသဘက်ကို ဝင်ရောက်ဖို့ဆိုရင် ဖားကန့်– အင်းတော်ကြီးလမ်း၊ ဖားကန့်– ကားမိုင်းလမ်း၊ ဖားကန့်– ဆယ်ဇင်းလမ်းရှိပြီး ဒီလမ်းပိုင်းအားလုံးကို KIA ပူး ပေါင်းတပ်က ထိန်းချုပ်ထားပါတယ်။
စစ်ကောင်စီတပ်ကတော့ ဖားကန့်မြို့အဝင် လယ်ပြင်၊ မဇွပ်ယန်အပါအဝင် မြို့တွင်းဗျူဟာကုန်းနဲ့နေရာတစ်ချို့မှာသာ တပ်စွဲနေရယူထားပြီး မြို့ဧရိယာတစ်ချို့နဲ့ မြို့အနီးဝန်းကျင်နေရာအားလုံးကို KIA က ထိန်းချုပ်ထားပါတယ်။
စစ်တပ်ဘက်က ခုလိုအင်အားထောင်ချီအသုံးပြုပြီး ဖားကန့်ဘက်ကို ထိုးစစ်ဆင်တာဟာ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်ဖြစ်ပြီး ဒါဟာ စစ်တပ်အနေနဲ့ ဖားကန့်မြို့နယ်ကို ပြန်ပြီးထိန်းချုပ်နိုင်ဖို့နဲ့ KIA သိမ်းပိုက်ထားတဲ့နယ်မြေတွေပြန်ရရှိဖို့ဖြစ်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။
ဖားကန့်သွားလမ်းပေါ်က နန့်ယားကျေးရွာအပါ ဆိုင်းဖရာနဲ့ ကပ်မှော်ဒေသတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလ ၁၀ ရက်ကျော်အတွင်းမှာပဲ KIA ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်ပြီး KIO အစိုးရရဲ့အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်တာ တစ်နှစ်ပြည့်ချိန် စစ်ကောင်စီတပ်ဘက်က အခုလို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။
ခုလို ဖားကန့်သွားလမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တွေကြား တိုက်ပွဲကြောင့် နန့်ယား၊ နန့်တိန့်၊ ကပ်မှော်၊ ဆိုင်းဖရာ၊ တံတားညီနောင်၊ ပျားအုံ ၊ ခွမ်စိုင်ဇွပ်စတဲ့ ကျေးရွာက ပြည်သူများလည်း ဧပြီလ ၂၄ ရက်နေ့စပြီး တိမ်းရှောင်ကြပြီဖြစ်ပါတယ်။
လတ်တလော ဖားကန့်ဘက်ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့မှာ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ဖွဲ့က အများဆုံးပါဝင်ပြီး လေကြောင်းအကူနဲ့အပြင်းထန်ထိုးစစ်ဆင်လာတာကြောင့် ဖားကန့်မြို့တွင်း တိုက်ပွဲပြင်းထန်လာမှာကို ဖားကန့်ပြည်သူများ စိုးရိမ်နေကြပါတယ်။
By – Zami