စစ်ရေးအခြေနေကြောင့် မြစ်ကြီးနား – တနိုင်းလမ်းပိုင်း ခရီးသွားပြည်သူများအခက်ကြုံ

ကချင်ပြည်နယ် မြစ်ကြီးနား– တနိုင်းလီဒိုလမ်းမတစ်လျှောက် KIA ပူးပေါင်းတပ်နဲ့ မင်းဇေသန့်ပြည်သူ့စစ်တပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာမှုရှိနေသေးတာကြောင့် ခရီးသွားပြည်သူများ သွားလာရေးမှာ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကစပြီး လီဒိုလမ်းမတစ်လျှောက် လက်နက်ကိုင်နှစ်ဖက်တပ်အကြား တိုက်ပွဲပြင်းထန်ခဲ့ရာကနေ ဒီနေ့ထိစစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ မြစ်ကြီးနားကားဂိတ်မှတာဝန်ရှိသူတစ်ဦး KNG ကိုပြောပါတယ်။
“တစ်လမ်းလုံးတော့မဟုတ်ဘူး လဝါးရွာနဲ့ ဝါရာဇွပ်တစ်ကြောမှာသတိထားပြီးသွားလာရတယ်။ကားသမားတွေလည်းတစ်ယောက်နဲ့တစ်ယောက်ချိတ်ဆက်ပြီးအခြေအနေတကြည့်ကြည့်သွားနေရတယ်။ အခြေနေမကောင်းရင်တော့ရောက်တဲ့နေရာအိပ်ရတယ်။ဒီနေ့ကားထွက် ဒီနေ့ရောက်မယ်လို့တော့အာမခံလို့မရဘူး”လို့ ပြောပါတယ်။
ခုလို လမ်းပိုင်းအခက်ခဲကြောင့် ညအိပ်ရချိန်မျိုးမှာ အရေးပေါ်ခရီးသွားရတဲ့ ပြည်သူတွေအနေနဲ့ အဆင်မပြေမှုများစွာရှိတယ်လို့လည်း ခရီးသွားပြည်သူတွေပြောပါတယ်။
ဒါ့အပြင် စစ်တပ်လက်အောက်ခံ မင်းဇေသန့်ပြည်သူ့စစ်တပ်ဖွဲ့ဟာ ဒီရက်ပိုင်းလီဒိုကားလမ်းပေါ်ထွက်လာပြီး နောင်းမီ၊ဝါရာဇွပ်၊လဝါးစတဲ့ကျေးရွာတစ်ဝိုက် စစ်ရေးလှုပ်ရှားနေပြီး တစ်ခါတစ်ရံ လက်နက်ကြီးပစ်ခတ်တာ၊ ခရီးသွားပြည်သူတွေကိုတင်းတင်းကြပ်ကြပ်စစ်ဆေးတာမျိုးရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့မှာလည်း လဝါးကျေးရွာမှာမင်းဇေသန့်ပြည်သူ့စစ်အဖွဲ့နဲ့ KIA ပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်လို့ ကားလမ်းပိုင်းယာယီပိတ်ထားတာတွေရှိခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။
“ဟိုနေ့ကလိုပေါ့တိုက်ပွဲတွေ ဖြစ်ရင်တော့ကားလမ်းပိတ်တာမျိုးရှိတယ်။ အဲ့လိုမျိုးဖြစ်လာရင်တော့ဆက်သွားလို့မရဘူး ပြန်ဖွင့်တဲ့ထိစောင့်ယူရတယ်”လို့ ပြောပါတယ်။
တိုက်ပွဲကြောင့် ကားလမ်းပိတ်ထားတဲ့အခြေအနေတွေမှာတော့ခရီးသည်တွေအနေနဲ့ နမ္မတီး၊ လဝါးနမ်ဖြတ်၊ဘန်ကောက်စတဲ့ကျေးရွာတွေမှာညအိပ်ရတာမျိုးရှိတယ်လို့သိရပါတယ်။
တနိုင်း– မြစ်ကြီးနား ကားလမ်းပိုင်းက လဝါးကျေးရွာမှာထိုင်ထားတဲ့ KIAပူးပေါင်းတပ်ရဲ့စစ်ဆေးရေးဂိတ်ကို မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့က မတ်လ ၁၄ ရက်နေ့ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။
By – Zaw Zaw