စစ်ကိုင်းနဲ့ကချင်အစပ်ကမြို့၂မြို့ကို ဗုံးကြဲလို့ အရပ်သား ၂ ဦးသေဆုံး

စစ်ကိုင်းနဲ့ကချင်အစပ် စစ်ကိုင်းတိုင်းထဲက မော်လူးမြို့နဲ့ထီးချိုင့်မြို့တွေကို စစ်ကောင်စီတပ်က မနေ့က မေလ ၁၂ ရက်နေ့ တစ်ရက်တည်းမှာပဲ လေကြောင်းအသုံးပြုဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၂ ဦးသေဆုံးခဲ့ရတယ်လို့ KNG က စုံစမ်း သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်က မော်လူးမြို့ကို စစ်ကောင်စီတပ်က မနေ့က နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးသုံးလုံးကြဲချခဲ့တာလို့ အင်းတော်မြို့ဒေသတွင်းအခြေနေတွေ ကိုထုတ်ပြန်နေတဲ့ Indaw Revolution IR က သတင်းထုတ်ပြန်ထားပါတယ်။
“စစ်ကောင်စီဟာ အရပ်သားပြည်သူတွေရဲ့နေအိမ်အဆောက်အဦးတွေကို ဦးတည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါဗုံးကြဲချမှု နဲ့ ရော့ကတ်တွေနဲ့ ပစ်ခတ်မှုကြောင့် အမျိုးသား ၂ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့တယ်”လို့ဒေသခံတွေဆီကသိရတဲ့အကြောင်း Indaw Revolution IR က ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် နေအိမ်အဆောက်အဦးတွေလည်းထိခိုက်ပျက်ဆီးခဲ့ရတဲ့အကြောင်း ပုံနဲ့တကွထုတ်ပြန်ထားပြီး လေကြောင်းတိုက် ခိုက်ခံရမှုအခြေနေအသေးစိတ်ကိုသိရဖို့ Indaw Revolution IR ကို စာပို့မေးမြန်းထားပေမဲ့ အကြောင်းပြန်ခြင်းမရှိသေးပါ ဘူး။
Indaw Revolution IR ထုတ်ပြန်ထားတဲ့ပုံအရဆိုရင် လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာဟာ အခြေခံပညာမူလတန်းလွန် စာသင်ကျောင်းတစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် မနေ့က မေလ ၁၂ ရက်နေ့ ညပိုင်း ၇ နာရီဝန်းကျင်လောက်မှာတော့ ထီးချိုင့်မြို့နယ် ငပိချောင်းရွာအနီးက မြတ်နိုးသူ သစ်ကွင်းတစ်ဝှိုက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထီးချိုင့်ဒေသတွင်းအခြေနေတွေကို ဖော်ပြပေးနေတဲ့ Tigyaing Revolution TR က သတင်းထုတ်ပြန်ထားပါတယ်။
ထီးချိုင့်မြို့ဒေသခံတစ်ဦးကတော့“ဟုတ်ပါတယ်။ အထိအခိုက်တော့လုံးဝမရှိပါဘူး။ ထီးချိုင့်မြို့နယ်တောင်ဘက်အစွန်းကို လာပြစ်သွားတယ်။ တောထဲက သစ်ကွင်းပါ။ သစ်တေါလည်းဘာမှမဖြစ်ဘူး။ ဘာမှထိခိုက်မှုမရှိဘူး”လို့ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့နေရာဟာ ထီးချိုင်မြို့နဲ့ သပိတ်ကျင်းမြို့နယ်အစပ် ထီးချိုင့်မြို့နယ်တောင်ဘက်အခြမ်းအစွန်း ဘက်မှာတည်ရှိတယ်လို့ဒေသခံတွေကဆိုပါတယ်။
ခုခံစစ်မှလွဲပြီး နိုင်ငံတစ်ဝှမ်းအပစ်ရပ်ကြောင်းကြေညာထားတဲ့စစ်ကောင်စီတပ်ဟာ နိုင်ငံတစ်ဝှမ်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိ တဲ့ ဒေသတွေကို တစ်ဖက်သတ်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီး မနေ့ကတစ်ရက်တည်း စစ်ကိုင်းတိုင်းနဲ့ ကချင် အစပ်မှာရှိတဲ့ နေရာ ၄ နေရာကိုဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အထူးသဖြင့် မနေ့ကလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ဒီပဲယင်းမြို့နယ် အိုးထိမ်းတွင်းရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက် ခံရမှုမှာဆိုရင် ကျောင်းတက်နေတဲ့ကလေးငယ် ၂၀ ဦးနဲ့ ဆရာမ ၂ ဦးသေဆုံးခဲ့ရပြီး အယောက် ၄၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝှမ်းအပစ်ရပ်ကြောင်း ကြေညာထားဆဲဖြစ်ပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုဆက်တိုက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကဆိုပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကနေ မနေ့က မေလ ၁၂ ရက်နေ့အထိတော့ နိုင်ငံတစ်ဝှမ်း စစ်ကောင်စီအပါ သူ့လက်အောက်ခံ အဖွဲ့အစည်းတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ အရပ်သားစုစုပေါင်းဟာ ၆၆၂၄ ဦးအထိရှိလာပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
By – အမိုး