နောင်မွန်မှာ စစ်သင်တန်းဆင်းထားတဲ့လူငယ်တွေကို ခေါင်လန်ဖူးပို့ဖို့ စစ်တပ်ပြင်ဆင်နေ

ကချင်ပြည်နယ်၊ နောင်မွန်မြို့ပေါ်မှာ စစ်ကောင်စီတပ်က ပြည်သူ့စစ်သင်တန်းပေးနေပြီး သင်တန်းဆင်းတဲ့သူတွေကို ခေါင်လန်ဖူးဘက် ပို့ဖို့ပြင်ဆင်နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့နောင်မွန်ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး နောင်မွန်မြို့ပေါ်နဲ့ကျေးရွာတစ်ချို့လူငယ်တွေကို တစ်အိမ်တက်တစ်အိမ်ဆင်းပြီးပြည်သူ့စစ်လုပ်ဖို့လိုက်လံစုဆောင်းခဲ့တာဖြစ်တယ်လို့ သိရပါ။
အဲဒီနောက် ဧပြီလတစ်လလုံး စစ်သင်တန်းပေးပြီး သင်တန်းဆင်းထားတဲ့သူတွေကို ခေါင်လန်ဖူးဘက် စစ်အင်အားဖြည့်ဖို့ ပြင်ဆင်နေတယ်လို့ နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦး KNGကိုပြောပါတယ်။
“ကလေးတွေကတော့သင်တန်းပြီးကြပြီ အယောက် ၁၀၀ ကျော်တယ်။ အဲ့ထဲမှာမိန်းခလေးတွေကောပါတယ်။ ယောကျာ်းလေးအများပိုင်းပါတယ်။ သူတို့ကို အခုခေါင်လန်ဖူးဘက်ပို့မယ်တဲ့”လို့ ပြောပါတယ်။
ပြည်သူ့စစ်မလုပ်မနေရစနစ်နဲ့ လိုက်လံစုဆောင်းထားတဲ့ လူငယ် ၁၂၀ ဦးဝန်းကျင်ရှိပြီး သင်တန်းလည်း ပြီးကြပြီလို့ သိရပါတယ်။
“မြို့ပေါ်ကလည်းပါတယ်ရွာတွေဘက်ကလည်းပါတယ်။သင်တန်းကတစ်လပဲတက်ရတာအခုတစ်လပြည့်သွားပြီလေ။အဲ့ကြောင့်ခေါင်လန်ဖူးရှေ့တန်းကိုသွားရမယ်တဲ့ သင်တန်းက မြို့နဲ့ နှစ်မိုင်လောက်ဝေးတဲ့နေရာမှာပေးတာဟုတ်တယ်”လို့ ဒေသခံ အမျိုးသားတစ်ဦး ပြောပါတယ်။
လတ်တလော သင်တန်းဆင်းထားတဲ့ ပြည်သူ့စစ်လူငယ် ၁၂၀ ဦးဟာ ဒီလထဲမှာ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တွေနဲ့ပေါင်းပြီးရှေ့တန်းစစ်မြေပြင်မှာ သွားရောက်တာဝန်ထမ်းဆောင်ရမှာဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာလည်း နောင်မွန် အ. ထ.က ကျောင်းမှာ ပြည်သူတွေကိုစုဝေးခိုင်းပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင်က ပြည်သူ့စစ်မှုထမ်းဖို့လိုက်လံစည်းရုံးပြောဆိုတာတွေရှိခဲ့တယ်လို့ ဒေသခံ တွေ ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIAပူးပေါင်းတပ်တွေဟာ ခေါင်လန်ဖူးမြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဆော့လော်မြို့နယ်ထဲက လန်ဆယ်ရွာကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့မနက်ပိုင်းမှာသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလန်ဆယ်သိမ်းလိုက်ပြီးနောက် ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်တွေနဲ့စစ်ကောင်စီတပ်တွေဟာ ခေါင်လန်ဖူးဘက်ကိုစစ်ရေးပြင်ဆင်မှု စတင်လုပ်ဆောင်လာခဲ့တာလို့ သိရပါတယ်။
အလားတူ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှာလည်း ခေါင်လန်းဖူးမြိုနယ်ထဲက ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့ရဲ့ လားဟူဆယ် ရှေ့တန်းတပ်စခန်းတစ်ခုကို KIAနဲ့ပူးပေါင်းတပ်တွေကထပ်မံသိမ်းပိုက်ရရှိခဲ့ပါတယ်။
ခေါင်လန်ဖူးဘက်အခုလိုတပ်စခန်းတွေသိမ်းခံလိုက်ရတဲ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်တပ်တွေဟာ ခေါင်လန်ဖူးဘက်ကို အခုလိုစစ်အင်အားဖြည့်တာ ခေါင်လန်းဖူးမြို့နယ်ထဲမှာ ကချင်ပြည်နယ်မှတ်ပုံတင်ကိုင်ဆောင်ထားသူကလွှဲ ပြီးအခြားတိုင်းနဲ့ပြည်နယ်က ခရီးသည်တွေကိုဝင်ရောက်ခွင့်ပိတ်ပင်တာတွေပြုလုပ်ခဲ့ပါတယ်။
By – Zaw Zaw