အင်းတော်ကြီးမှာ KIA ပူးပေါင်းတပ်နဲ့ SNA တပ်တို့တိုက်ပွဲဖြစ်

ကချင်ပြည််နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသထဲမှာ KIA ပူးပေါင်းတပ်တွေနဲ့ SNA ပူးပေါင်းတပ်ကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။
မေလ ၁၄ ရက် ဒီမနက်အစောပိုင်းကစပြီး ဆနွင်းကုန်းနဲ့ အင်းသာကျေးရွာဘက်မှာ KIA ပူးပေါင်းတပ်တွေနဲ့ SNA စစ်ကောင်စီတပ်တွေကြားနှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေတာလို့ အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“ပစ်နေကြတာဟုတ်တယ် ရွာထဲမှာတော့မဟုတ်ဘူးရွာပြင်မှာဆနွင်းကုန်း၊အင်းသာဘက်မှာ ပစ်နေကြတယ်။ မနက်ကတည်းကပဲ ရွာသားတွေကတစ်ချို့တော့ဒီတိုင်းသွားလာနေကြတာပဲ”လို့ အသက် ၄၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။
ဒေသခံတွေပြောချက်အရ စစ်ကောင်စီနဲ့SNAပူးပေါင်းတပ်တွေဟာ ဆနွင်းကုန်းနဲ့အင်းသာဘက်ကိုလက်နက်ကြီးတွေပစ်ခတ်ဝင်ရောက်လာရာကနေထိတွေ့တိုက်ပွဲဖြစ်တာလို့သိရပါတယ်။
လက်ရှိနန့်မွန်းမှာထိုင်ထားတဲ့ စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်တွေကလည်း ဆနွင်းကုန်း၊ အင်းသာဘက်တွေကို လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ကူနေတယ်လို့အခြား ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“အခုလောလောဆယ် နန့်မွန်းကနေ အင်းရဲ့အရှေ့ဘက် ဆနွင်းကုန်း၊အင်းသာဘက်ကိုပစ်နေတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အင်းတော်ကြီးရဲ့အရှေ့ဘက်ခြမ်းမှာတိုက်ပွဲပြင်းထန်နေတာကြောင့် ဒီမနက်ပိုင်းကတည်းကနေ နန့်မွန်း–ဟဲပု– ကားလမ်းပိုင်းကိုလည်းအသွားအလာပိတ်ထားတယ်လို့ဒေသခံတွေကဆိုပါတယ်။
တိုက်ပွဲကြောင့် ဒီကနေ့မနက်ပိုင်းကတည်းကနေ ဆနွင်းကုန်း၊အင်းသာနဲ့ ဟဲပုကျေးရွာထဲကပြည်သူတစ်ချို့တောတောင်ထဲကိုယာယီတိမ်းရှောင်တာတွေရှိနေတယ်လို့သိရပါတယ်။
စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်တွေဟာ အင်းတော်ကြီးဒေသထဲကို ပြီးခဲ့တဲ့ ဧပြီလ ၂၀ ကျော်ကတည်းက အင်အားသုံးပြီးစစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပါတယ်။
ဧပြီလ ၂၂ ရက်နေ့မှာလည်း စစ်ကောင်စီတပ်က ဆနွင်းကုန်းနဲ့ အင်းသာကျေးရွာတွေဘက်မှာ လေကြောင်းသုံးတိုက်ခိုက်မှုတွေရှိခဲ့ပြီး အရပ်သားထိခိုက်တာ၊ နေအိမ်ပျက်စီးတာတွေရှိခဲ့ပါတယ်။
By – Zaw Zaw