ကောလင်းမြို့ လေကြောင်းတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင်တွေရဲ့ အဆောက်အဦးတစ်ချို့ ထိခိုက်ပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။
ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်းက ကညို့အင်းရွာကို မေလ ၁၄ ရက်နေ့ ညပိုင်း ၁၀ နာရီ ဝန်းကျင်လောက် မှာ တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ကောလင်းဒေသတွင်းအခြေနေတွေကို ဖော်ပြနေတဲ့ KLPDF နဲ့ Kawlin Info က ထုတ်ပြန်ထားပါတယ်။
“လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားပြည်သူနေအိမ်တွေပေါ်ကိုကျရောက်ဗုံးသီးတစ်လုံးနှင့် တစ်လုံးကြား ကိုက် ၃၀၀ ခြားကျရောက်မှုမှာ နေအိမ်နှစ်လုံးနဲ့နီးစပ်ရာအဆောက်အဦးတွေထိခိုက်ပျက်ဆီး အရပ်သားပြည်သူထိခိုက်သေဆုံးမှုမရှိပါဘူး”လို့ဆိုထားပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ကိုင်းနဲ့ ကချင်အစပ်မှာရှိတဲ့ ထီးချိုင့်၊ ကောလင်း ၊ ဝန်းသို နဲ့ ပင်လည်ဘူးဒေသတွေကို ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က စလို့လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့တာဖြစ်ပြီး ဒီနေ့အထိ KNG ကပြုစုထားတဲ့ စာရင်းတွေအရ ၂၅ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။
အထူးသဖြင့် ကောလင်းဒေသကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေလုပ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလအတွင်း လေကြောင်း တိုက်ခိုက်ခံရမှုတွေမှာတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိခဲ့တာပါ။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ အရပ်သားနေအိမ်တွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေကြောင်း သိသာထင်ရှားနေပြီး တိုက်ပွဲဖြစ်တာမရှိရင်လည်း ကချင်နဲ့စစ်ကိုင်းအစပ်က ဒေသခံတွေအနေနဲ့လေကြောင်းအန္တရာယ်ကိုသတိထားရမယ် လို့ ဗိုလ်မှူးကြီးနော်ဘူက သတိပေးပါတယ်။
“စစ်ကောင်စီအတွက်ကတော့ ကချင်–စစ်ကိုင်းအစပ်ဒေသကတော့ သူတို့လက်လွတ်လိုက်ရတဲ့ ဒေသတစ်ခု ဟုတ်တယ်။ ဒါကြောင့် အဲဒီဘက်က တိုက်ပွဲရှိတာမရှိတာ ဘာမှမဆိုင်ဘူး တိုက်ပွဲနယ်မြေလို့ သတ်မှတ်ထားပြီ ဖြစ်တဲ့အတွက် ပြည်သူတွေနေတဲ့နေရာတွေမှာလည်းပစ်တယ်။ ရွာတွေမှာလည်း ပစ်တယ်။ ဒါ့ကြောင့် အဲဒီဘက်မှာတော့ တိုက်ပွဲမရှိရင် လည်း လေယာဉ်တွေနဲ့ ပစ်ပစ်နေတာ သတင်းတစ်ခုရတာနဲ့ ပစ်တဲ့အခြေအနေဆိုတော့ အဲဒီနေရာတွေမှာတော့ သတိထားရမယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှာတော့ စစ်ကိုင်းနဲ့ ကချင်အစပ်မှာတည်ရှိပြီး အမျိုးသားညီညွှတ်ရေးအစိုးရ NUG ထိန်းချုပ်ထားတဲ့ မော်လူးမြို့နဲ့ ထီးချိုင့်မြို့တွေကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦးသေဆုံးခဲ့ရပါသေးတယ်။
အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းနဲ့မန္တလေးမြို့တွေကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဖို့ဆိုကာ မေလကုန်အထိနိုင်ငံတစ်ဝှမ်းအပစ်ရပ်ကြောင်း ကြေညာထားပါတယ်။
အပစ်ရပ်ခဲ့တဲ့ ကာလအပါအဝင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကနေ မေလ ၂ ရက်နေ့အထိ စစ်ကောင်စီက နိုင်ငံတစ်ဝှမ်းလေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၈၀ ကျော်ပြုလုပ်ခဲ့ရာ အရပ်သား ၂၇၆ ဦး သေဆုံးခဲ့ရပြီး ၄၅၆ ဦးဒဏ်ရာရခဲ့တယ် လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကနေ မေလ ၁၂ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်း စစ်ကောင်စီအပါအဝင် လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ အရပ်သားစုစုပေါင်းဟာ ၆၆၂၄ ဦး အထိရှိလာပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
By – အမိုး