နောင်မွန်မြို့အဝင် ကဆန်ချောင်းမှာ စက်ယန္တရားကြီးဖြင့် ရွှေအလွန်အကျွံတူးဖော်နေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်မြို့အဝင်ရှိ ကဆန်ချောင်းမှာ စက်ယန္တရားကြီးတွေနဲ့ တရားမဝင်ရွှေတူးဖော်မှုတွေ အလွန်အကျွံလုပ်နေတယ်လို့ နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။
“ချောင်းရဲ့ အထက်အောက်တူးနေကြတယ်။ တူးနေတာတော့ တစ်နှစ်ကျော်နှစ် နှစ်လောက်ရှိပြီ။ စက်ကြီးတွေက အခုနောက်ပိုင်းမှရောက်လာတာ အစကမရှိဘူး”လို့ အသက် ၄၀ ကျော်အရွယ်မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ကဆန်ချောင်းမှာ ရွှေတူးဖော်မှုစတင်တွေ့ရှိလာတာ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းလောကတည်းကဖြစ်ပေမယ့် အစပိုင်းမှာတော့ ဒေသခံတွေသာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အခုနောက်ပိုင်း စက်ယန္တရားကြီးတွေနဲ့ပါ တူးဖော်လာကြတာလို့ အထက်ဖော်ပြပါ အမျိုးသမီးက ဆက်ပြောပါတယ်။
“ဒေသခံတွေကတော့စက်ယန္တရားကြီးတွေနဲ့မတူးနိုင်ကြဘူးလေ။ အခုရောက်လာတဲ့တူးနေကြတဲ့ဟာတွေက အောက်ပိုင်းက တက်လာတဲ့လုပ်ငန်းရှင်တွေဟုတ်တယ် ဘတ်ဖိုးတွေနဲ့တူးကြတာ ပိုပိုများလာတယ်အခုဆိုရင်ဘယ်ကဘယ်မှန်းမသိဘူး အများကြီးပဲရောက်လာတယ်”လို့ သူကဆက်ပြောပါတယ်။
ဒေသခံတွေပြောပြချက်အရ ကဆန်ချောင်းတစ်လျှောက် ရွှေတူးဖော်နေတဲ့ ဘတ်ဖိုးယာဥ်အစီး ၂၀ ထက်မနည်းရှိတယ်လို့ သိရပါတယ်။
ကဆန်ချောင်းကို နောင်မွန်မြို့ပေါ်အပါအဝင် ထုံလာဒမ်းရွာ၊ ကဆန်ခူးရွာ၊ရပ်ဘော့ရွာနဲ့အခြားရွာပေါင်း ၇ ရွာထက်မနည်းက ပြည်သူတွေရဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ သောက်သုံးရေအတွက်အဓိက မှီခိုနေရတယ်လို့ ဆိုပါတယ်။
“တခါတလေတော့ရေအရမ်းနောက်တယ်။ မြို့ပေါ်မကဘူးရွာတွေလည်း ဒီချောင်းကိုပဲသုံးကြတာဟုတ်တယ်။ ဒီတိုင်းရွှေဆက် တူးလာရင်တော့ ချောင်းရေကပျက်စီးသွားမှာ။ ဒီချောင်းပျက်စီးသွားရင်နောင်မွန်က လူတွေအတွက်တော့ အမျိုးမျိုးခက်ခဲ နိုင်တယ် စိုက်ပျိုးရေကအစပေါ့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နောင်မွန်းမြို့ကို လက်ရှိ စစ်ကောင်စီနဲ့ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ တွေ ထိန်းချုပ်ထားတာဖြစ်ပြီး အဲ့ဒီရွှေတူးဖော်မှုမှာ ပါဝင်ပတ်သက်မှုတွေရှိနေတယ်လို့ သိရပါတယ်။ သို့သော်လည်း အဆိုပါ အကြီးစားရွှေတူးဖော်မှုများမှ အကျိုးရရှိနေသူများကို အသေးစိတ် စုံစမ်းနိုင်ခြင်း မရှိသေးပါ။
ပူတာအိုခရိုင်က ဒေသတွေဟာ စစ်အာဏာမသိမ်းမှီက တနိုင်တပိုင် လက်လုပ်လက်စား ရွှေတူးဖော်မှုတွေရှိခဲ့ပေမယ့် စစ်အာဏာသိမ်းနောက်ပိုင်းမှာတော့ စက်ယန္တရားကြီးတွေနဲ့ ရွှေအလွန်အကျွံတူးဖော်မှုတွေ ရှိလာနေပါတယ်။
By – Zaw Zaw