လေယာဉ်ဖြင့် ဗုံးကြဲနေမှု လူမဆန်တဲ့လူသတ်မှုဖြစ်တဲ့အတွက် ခွင့်မလွတ်နိုင်ဘူးလို့ ကချင်တက်ကြွလှုပ်ရှားသူတွေပြော

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တပတ်အတွင်း ပညာသင်အရွယ် ကလေး သူငယ်အများအပြား သေဆုံးသွားတဲ့ ဖြစ်ရပ်မှာ လူမဆန်တဲ့သတ်ဖြတ်မှုဖြစ်တဲ့အတွက် ခွင့်မလွတ်နိုင်ဘူးလို့ ကချင်လူထုတက်ကြွလှုပ်ရှားသူတွေက KNG ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ သူတို့ တိုက်ပွဲရပ်နားထားမယ်လို့ ထုတ်ပြန်ချက်ထားတဲ့ကာလအတွင်းမှာပဲ မေလ ၆ ရက်နေ့ကနေ ၃၁ ရက်နေ့ထိ တပတ်အတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ် စတဲ့ ဒေသတွေကို လေယာဉ် နဲ့ နေ့စဉ် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အခုလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံတစ်ဝန်းစာသင်အရွယ်ကလေးသူငယ်တွေ အပါအဝင် သက်ကြီးရွယ်အိုတွေ အထိ အသက်သေဆုံးခဲ့ရပါတယ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ က စာသင်ကျောင်းကို မေလ ၁၂ ရက်နေ့ မနက်၉နာရီဝန်းကျင်အချိန် လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ဆရာမနှစ်ဦးအပါအဝင် ကျောင်းသား ကျောင်းသူ ၂၄ ဦးထိ သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ ကချင်တက်ကြွလှုပ်ရှားသူ အမျိုးသား လူငယ်တစ်ဦးက “စည်းကမ်းနဲ့ ပြည့်ဝတဲ့ ဒီမိုကရေစီ တိုင်းပြည်လုပ်မယ်လို့ သူတို့ဘက်က ကြွေးကြော်ပေမယ့်လို့ သူတို့ ခုလို သတ်ဖြတ်နေတာက အရမ်း အကျည်းတန်တယ်။ သူတို့က ရန်သူ့တပ်ကို မဟုတ်ဘဲ အုပ်ချုပ်ရမယ့် ပြည်သူတွေကို ရန်သူအဖြစ်သတ်မှတ်ပြီး သတ်ဖြတ်တာက စကားလုံးတောင်ရှာမရလောက်တဲ့အထိ ဒေါသထွက်မိပါတယ်” လို့ ခုလိုပြောပါတယ်။
ဒါအပြင် စစ်ကောင်စီအနေနဲ့ အပြစ်မဲ့ပြည်သူတွေကို လွယ်လွယ်ကူကူ ပစ်မှတ်ထား တိုက်ခိုက်နေနိုင်တာဟာ အိမ်နီးနားချင်းနိုင်ငံတွေ အနေနဲ့ မသိကျိုးကျွန်ပြုထားရုံသာမက ကမ္ဘာအင်အားကြီး နိုင်ငံတွေ ဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတွေကပါ စစ်ကောင်စီကို ထောက်ခံအားပေးနေတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ WLB (Women’s League Of Burma) ပြောရေးဆိုခွင့်ရှိသူ ဆရာမ Moon Nay Li က သုံးသပ် ပြောဆိုပါတယ်။
“နိုင်ငံတကာ တာဝန်ရှိသူတွေ ခေါင်းဆောင်တွေ အနေနဲ့လည်း ကျော်မသွားတဲ့ ကျူးလွန်ခံရတဲ့နေရာတွေအတွက် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သင့်ပါတယ်။ ခုလို လွယ်လွယ်ကူကူ သတ်ဖြတ်ကျူးလွန်မှုတွေ များလာလို့ရှိရင်တော့ နောင်တစ်ချိန်မှာ မြန်မာနိုင်ငံသာမက အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာရဲ့ လုံခြုံမှုတွေကိုပါ ထိပါးလာပါလိမ့်မယ်”လို့ ပြောပါတယ်။
မေလ ၁၂ ရက်နေ့တစ်ရက်တည်းမှာဘဲ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း နေရာ ၄ ခုမှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးတဲ့ အရပ်သားအားလုံး ၇၀ ဝန်းကျင်ထိ ရှိခဲ့တယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
အမျိုးသားညီညွှတ်ရေး အစိုးရလူအခွင့်အရေးဝန်ကြီးဌာနရဲ့ ဖော်ပြချက်မှာတော့ မေလ (၁၃) ရက်နေ့မှာလည်း အကြမ်းဖက်စစ်တပ်က ရခိုင်ပြည်နယ် ရသေ့တောင်မြိုနယ် ထွန်းရဝေကျေးရွာ (ဟောင်း)ကို လေကြောင်းဗုံးကြဲခဲ့ပြီး ကလေးငယ်နဲ့ မိခင်တွေအပါအဝင် ပြည်သူ (၁၂) ဦးသေဆုံးပြီး (၂၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပါရှိပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြုစုထားတဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ကနေ ၂၀၂၅ မေလ (၁၂) ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုကနေပြီးတော့ ရန်ကုန်နှင့် နေပြည်တော်ကလွဲပြီး ကျန်တိုင်းနှင့် ပြည်နယ် (၁၃) ခုမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၂,၆၇၉ ခု ပြုလုပ်ခဲ့ပြီး ပြည်သူ ၃,၀၄၃ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
သေဆုံးသူတွေထဲမှာတော့ အသက် (၁၈) နှစ်အောက် ကလေးငယ် (၄၄၁) ဦးပါဝင်ပြီး စာသင်ကျောင်း (၂၄၀) ကျောင်း၊ ဆေးရုံ၊ ဆေးခန်း (၉၆) ခုနဲ့ ဘာသာရေးအဆောက်အဦ (၄၃၅) ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကချင်ပြည်နယ်မှာလည်း စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ ဖားကန့်မြို့နယ် အနန့်ပါကျေးရွာ၊ ၂၀၂၃ အောက်တိုဘာလမှာ ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်ကျေးရွာ တို့ကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အများအပြားအပါအဝင် ပြည်သူအစုအပြုံလိုက် အသက်သေဆုံးခဲ့ပါတယ်။
By – Hope