ကားတိုက်ခံရတဲ့ ဖခင် အရေးပေါ်ခန်းမှာ သတိမေ့မျောနေဆဲ ဖြစ်တဲ့အတွက် သားဖြစ်သူကို ဖခင်မပါဘဲ သင်္ဂြိုလ်လိုက်ရ

မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ၄ ရက်ခန့်က ကားတိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားတဲ့ ကလေးငယ်ကို ဖခင်ဖြစ်သူလည်း ဒဏ်ရာဖြင့် ဆေးရုံမှာ သတိမေ့မျောနေဆဲ အခြေအနေကြောင့် ဖခင်မပါဘဲ ပြီးခဲ့တဲ့ သောကြာနေ့မှာဘဲ သင်္ဂြိုလ်လိုက်ပြီ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန် မြေမြင့်ရပ်ကွက် Second Family ဖုန်းဆိုင်အနီး ဆိုင်ကယ်မောင်းလာတဲ့ သားအဖနှစ်ယောက်ကို ကားအဖြူတစ်စီးက ဝင်တိုက်သွားတာကြောင့် သားဖြစ်သူက ဗိုက်ပေါက်ဒဏ်ရာအပြင် မျက်နှာနဲ့ ဦးခေါင်းဒဏ်ရာတွေကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့တာပါ။
ဖခင်ဖြစ်သူကတော့ ဦးခေါင်းဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး ခွဲစိတ်ခဲ့ရသလို ပြီးခဲ့တဲ့ သောကြာနေ့ထိ သတိမလည်သေးဘဲ မြစ်ကြီးနားဆေးရုံကြီး အရေးပေါ်အခန်းမှာရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ အသက် ၁၂နှစ်အရွယ် ဆွတ်ဆိုင်းဒီးကို ဆွေးမျိုးသားချင်းတွေနဲ့ ဘာသာရေးအသင်းတော်တွေက ကူညီပြီး ဒီကနေ့မှာပဲ သင်္ဂြိုလ်လိုက်ပြီလို့ သိရပါတယ်။
အဖေဖြစ်သူ ဦးအားဒီယောဟန်ရဲ့ အခြေအနေဟာ စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပြီး ပြီးခဲ့တဲ့ သောကြာနေ့အထိ သတိမလည်သေးလို့ အမည်မဖော်လိုသူ အခြေအနေကို သိရှိသူ အမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။
“လူနာဒဏ်ရာ အရမ်းပြင်းထန်တယ် ခေါင်းက အတော်လေးကိုထိထားတယ်။ လက် ခြေထောက်ပွတ်ပဲ့တယ် အခုထိသတိမရပါ“ လို့ ဆိုပါတယ်။
မိခင်ဖြစ်သူမှာလည်း အရင်ကတည်းက ဆုံးပါးသွားပြီလို့သိရပြီး လက်ရှိ သေဆုံးသွားတဲ့ ကလေးကတော့ အငယ်ဆုံးသားလေး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
သူတို့ သားအဖနှစ်ဦးကို ကားဖြင့်တိုက်ပြေးသွားတဲ့ ကားဟာ အဖြူရောင်လို့ သိရှိရပေမယ့် အသေးစိတ်ကို မသိရတဲ့အတွက် သေချာမသိရှိရသေးသလို တရားခံလည်း အခုချိန်ထိ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့မှာ လိုင်စင်မဲ့ကားတွေ များပြားနေသလို ညအချိန်အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေ သောက်စားပြီး ယာဉ်မောင်းနှင်မှုတွေကြောင့် ယာဉ်တိုက်မှု မကြာခဏဖြစ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။
By – Hope