
ရှမ်မြောက်၊ မန်တုံမြို့နယ် မုံးမော်(မိုင်းမော်)ရှိ KIA တပ်စခန်းတွေကို TNLA က အတင်းအဓမ္မ ဖယ်ရှားဖို့လုပ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။
ဒါပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကတော့ နှစ်ဖက်တပ်ဖွဲ့ကြား တင်းမာမှုမဖြစ်ဖို့ စခန်းငယ်တစ်ခုဆုတ်ပေးထားရတယ်လို့ ဒေသခံတွေ ဆိုပါတယ်။
“TNLA ဘက်က အခု အင်အား ၄၀၀ လောက်နဲ့ ထိုးထားတယ်။ ဒါကြောင့် မေလ ၁၈ ရက် ညနေမှာ KIA ရှေ့တန်းစခန်းတစ်ခု ယာယီနောက်ဆုတ်ထားပေးတယ်။ ပြီးတော့ KIA တပ်သားတစ်ချို့ကို ဖမ်းဆီးပြီး တစ်ချို့ကို ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေလည်း ရှိတယ်။ တကယ်လို့ KIA ဘက်က နောက်ဆုတ်ပေးခြင်းမရှိရင်တော့ အဲဒီမှာ သေနတ်ပစ်ဖောက်လာနိုင်တဲ့အခြေအနေရှိလာတာကြောင့် KIA ဘက်မှ ဆုတ်ထားပေးလိုက်တယ်”လို့ မိုင်းမော်ဒေသခံနဲ့ ချိတ်ဆက်နေသူ ရှမ်းမြောက်ဒေသခံတစ်ဦး ပြောပါတယ်။
KIA တပ်မဟာ (၄)၊ တပ်ရင်း (၈) နယ်မြေ မုံးမော်(မိုင်းမော်) ကို ထိန်းချူပ်ထားတဲ့ KIO/KIA ကို ဖယ်ရှားဖို့ တအာင်း(ပလောင်) တပ်ဖွဲ့က မေလ ၁၄ ရက်ကစပြီး အင်အား ၄၀၀ ခန့်သုံးပြီး ဝင်ရောက်ဖိအားပေးနေတာကြောင့် ဒီရက်ပိုင်း မြေပြင်မှာတပ်ဖွဲ့နှစ်ခုကြားတင်းမာမှုဆက်တိုက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မေလ ၁၈ ရက်နေ့မှာတော့ KIA ဘက်က TNLA ဘက်ကို သွားရောက် ဆွေးနွေးပေမယ့် TNLA က လက်မခံပဲ အတင်းအဓ္ဓမလုပ်ဆောင်လာတာကြောင့် KIA ဘက်က နမ့်ဟိုင်းမှာရှိတဲ့ ရှေ့တန်းစခန်းငယ်တစ်ခုကို ယာယီဆုတ်ခွာပေးထားရတယ်လို့ ပြောပါတယ်။
မန်တုံမြို့ အရှေ့ဘက် မုံးမော်(မိုင်းမော်) မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က အပြီးသတ်သိမ်းပိုက်ခဲ့ပြီး အဲဒီနယ်မြေကို ထိန်းချူပ်ထားတာဖြစ်ပါတယ်။
လက်ရှိ အဲဒီဒေသဘက်ကို တအာင်း(ပလောင်) တပ်ဖွဲ့ TNLA က ၎င်းတို့ နယ်မြေဟုဆိုကာ ဂိတ်၊ စခန်းချဖို့ ဝင်ရောက်လာပြီး KIA ကို ဖယ်ပေးဖို့ လုပ်လာတာကြောင့် နှစ်ဖက်တပ်ဖွဲ့အကြား လက်ရှိထိ တင်းမာနေဆဲဖြစ်တယ်လို့ နောက်ထပ် နမ္မတူဒေသခံအမျိုးသားတစ်ဦးကလည်း ပြောပါတယ်။
“မုံးမော် – နမ့်ဟိုင်းရွာမှာ KIA က ထိန်းချူပ်ထားတယ်။ အဲဒါကို အခု TNLA က အင်အားနဲ့ ဝင်ရောက်လာတာဖြစ်တယ်။ အဲလိုဝင်လာပြီး ရွာအဝင်ဂိတ်တွေ၊ KIA စခန်းတွေကို ဖယ်ရှားခိုင်းနေတာပေါ့။ KIA ဘက်ကလည်း ဒီတပ်ရင်းကို ဖယ်ပေးဖို့ အစီအစဉ် မရှိဘူး။ ဒါပေမဲ့ TNLA ဘက်ကလည်း အင်အားနဲ့ မရမက ဖိအားပေး ထိုးနေတာဆိုတော့ ဂိတ်တွေ၊ စခန်းငယ်တွေတော့ ဆုတ်ခွာပေးထားရတာတွေရှိတယ်” လို့ နမ္မတူဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
မုံးမော်(မိုင်းမော်) – နမ့်ဟိုင်းရွာကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဟာ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့က ၁၀၂၇ စစ်ဆင်ရေး မစတင်ခင်ကတည်းမှ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေဖြစ်သလို ဒီနေရာကို မြို့အဆင့် မြှင့်တင်အုပ်ချုပ်ဖို့ KIO ပြင်ဆင်နေတဲ့ကာလဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ကနေ မေလ ၁၂ ရက်နေ့အတွင်း FPNCC အဖွဲ့ဝင်တွေ အချင်းချင်း တွေ့ဆုံညှိနှိုင်းမှုကို ၀ ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ ပန်ဆန်းမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် ဒီမုံးမော်ဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့် FPNCC အဖွဲ့တွေရဲ့ဆွေးနွေးမှုဟာလည်း အောင်မြင်မှုမရကြောင်း သိသာထင်ရှားနေတယ်လို့ ရှမ်းမြောက်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဇော်ဆန်က KNG က ပြောပါတယ်။
“ဒီလို ဖြစ်စဉ်တွေက ပြီးခဲ့တဲ့ ဧပြီလ ၂၉ နဲ့ မေလ ၁၂ ရက်အတောအတွင်း FPNCC အဖွဲ့ဝင် တော်လှန်ရေးတပ်ဖွဲ့တွေ ရှမ်းမြောက်အရေး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့မှု အောင်မြင်မှု ရလဒ်မထွက်ပေါ်ဘူးဆိုတာ သက်သေဖြစ်နေပါတယ်။” လို့ သူက ပြောပါတယ်။
FPNCC အဖွဲ့ဝင်တွေ ပန်ဆန်းမြို့မှာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် ဆွေးနွေးခဲ့တဲ့အကြောင်းအရာကိုတော့ ဘယ်အဖွဲ့ဝင်မှ ထုတ်ပြန်ပြောကြားခြင်းမရှိသေးတာဖြစ်ပါတယ်။
တအာင်း(ပလောင်) တပ်ဖွဲ့ PSLF/TNLA နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA တို့နှစ်ဖက်တပ်ဖွဲ့ကလည်း ဗဟိုအချင်းချင်း တွေ့ဆုံညှိနှိုင်းဖို့ ရှေ့ပြေးအဖွဲ့တွေ တွေ့ဆုံပြီးစီးပြီဖြစ်သလို မကြာခင်မှာ ဗဟိုအချင်းချင်း တွေ့ဆုံဖို့ ပြင်ဆင်နေတယ်လို့ နှစ်ဖက်တပ်ဖွဲ့ပြောပါတယ်။
ဒါပေမဲ့ TNLA ဘက်ကတော့ မြေပြင်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/ KIA အဖွဲ့ ရှိရာကို အင်အားနဲ့ ဝင်ရောက်ပြီး ဖိအားပေးတာတွေ ဆက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလလောက်ကစပြီး လက်ရှိချိန်ထိ ကွတ်ခိုင်မြို့ရှိ KIO ဆက်ဆံရေးရုံးအပါအဝင် ရှမ်းမြောက်က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရုံးနဲ့ KIA တပ်စခန်းပေါင်း ၁၀ ကျော်ကို တအာင်း(ပလောင်) တပ်ဖွဲ့ TNLA ဘက်က အတင်းအဓမ္မ သိမ်းယူထားတယ်လို့ KIA နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
By – ဂျာဘောက်ရာ