သတင်း

ပူတာအို-မြစ်ကြီးနားကားခ အဆ မတန်မြင့်တက်

ကချင်ပြည်နယ် ပူတာအိုမြစ်ကြီးနား လမ်းပိုင်းမှာ ကားခအဆမတန်မြင့်တက်လာတယ်လို့ ခရီးသွားသူ‌တွေဆီကသိရပါတယ်။

ဒီနှစ် ဇန်နဝါရီလစလို့ ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းမှာ အဆင်းခရီးသည်တစ်ဦးလျှင် ကားခ ကျပ် ၁၂၀၀၀၀ ( တစ်သိန်းနှစ်သောင်း)၊ အတက်ခရီးသည်တစ်ဦး ကျပ် ၂၀၀၀၀၀ ( နှစ်သိန်း)အထိစျေးတက်သွားတယ်လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

အဆင်း(ပူတာအိုမှမြစ်ကြီးနား) ကစျေးသက်သာတယ် ကလေးဆိုရင်တစ်သိန်း လူကြီးတစ်သိန်းနှစ်သောင်း၊ အတက်(မြစ်ကြီးနားမှပူတာအို) ကျတော့ နှစ်သိန်း ၊နှစ်သိန်းနှစ်သောင်း အထိရှိတယ်”လို့ အသက် ၃၀ ကျော်အရွယ်ပူတာအိုမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းမှာ အတက်အဆင်း ခရီးသည်တစ်ဦးကို ကားခ ကျပ် ၈၀၀၀၀ ( ရှစ်သောင်း)ကနေ ကျပ် ၁၀၀၀၀၀( တစ်သိန်း) ဝန်းကျင်သာရှိပေမယ့်နောက်ပိုင်းတဖြေးဖြေးစျေးတက်လာပြီး လက်ရှိမှာ မြစ်ကြီးနားကပူတာအိုအတက်ခရီးသည်တစ်ဦး ကျပ် ၂သိန်းကျော်အထိစျေးတက်သွားတယ်လို့သိရပါတယ်။

ပူတာအိုမြစ်ကြီးနား ကားလမ်းပိုင်းကားခဈေးမြင့်သွားတာနဲ့ပတ်သက်ပြီး ယင်းလမ်းပိုင်းမှာမောင်းနေတဲ့ကားသမားတစ်ဦးက အခုလိုပြောပါတယ်။

ခရီးသည်ကားတွေလည်းဂိတ်ကြေးအရမ်းပေးရတယ်။ကုန်ကားနည်းတူပဲ မြစ်ကြီးနားအထွက်မှာတင် တစ်သိန်းနှစ်သိန်းပေးရတယ် ပူတာအိုဘက်ရောက်ရင်လည်းပေးရတယ်အဲ့တော့ကားခမတက်ရင်ကျွန်တော်တို့ကားသမားတွေ အတွက်အဆင်မပြေဘူးလေ”လို့ ကားသမားတစ်ဦးကပြောပါတယ်။

ကားလမ်းပိုင်းဂိတ်ကြေးကောက်ရာမှာလည်း အဆင်းကားတွေထက် အတက်ကားတွေကို ပိုပြီးတောင်းတာကြောင့် အတက်ခရီးသည်တွေကားခပိုများတာဖြစ်တယ်လို့ သူကဆိုပါတယ်။

အဆင်းက အလွတ်တွေပဲဆင်းကြတာဆိုတော့ အဲ့လောက်မတောင်းဘူး။ အတက်ကျတော့ လူကောကုန်ကောဆိုတော့ပိုတောင်းအတက်က ခရီးသည်ပါမှတက်ရတာလေးအဆင်းကျတော့ခရီးသည်ပါပါမပါပါ ပြန်ဆင်းရတာကိုအဲ့တော့တချို့ဆိုဆီးဖိုးလောက်နဲ့ပြန်တင်လာပေးတာတွေရှိတယ် ဂိတ်ကြေးလည်းသက်သာတယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့ကားသမားကဆက်ပြောပါတယ်။

ခရီးသည်ကားနဲ့ကုန်ကားတွေဟာ မြစ်ကြီးနားမြို့အထွက်မှာ ၃ နေရာ၊ ပူတာအိုမြို့နယ်ထဲက လုံရှာယန်ဂိတ်၊ မူလာရှီးဒီဂိတ်အပါစုစုပေါင်း စစ်ကောင်စီတပ်ဂိတ် ၅ နေရာမှာဂိတ်ကြေးပေးဆောင်ရတယ်လို့သိရပါတယ်။

ပူတာအိုမြစ်ကြီးနားကိုကုန်ကြောင်းလေကြောင်းဖြင့်သွားလာနိုင်ပေမယ့် လေကြောင်းလိုင်းလည်းကုန်းကြောင်းနည်းတူလေယာဥ်ခတွေအဆမတန်စျေးတက်နေတယ်လို့သိရပါတယ်။

၂၀၂၄ ခုနှစ် မေလမတိုင်ခင်အထိတော့ ပူတာအိုမြစ်ကြီးနားကားပိုင်းမှာ အတက်/အဆင်းခရီးသည်တစ်ဦးလျှင်ကားခ ကျပ် ၅၅၀၀၀ ( ငါးသောင်းငါး ထောင်)၊ ၆၀၀၀၀ ( ခြောက်သောင်း) ကနေ ယခုနှစ်အတွင်းစျေးတွေတဟုန်းထိုးတက်သွားတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button