သတင်း

မြစ်ကြီးနားမြို့တွင်း စစ်တပ်က စစ်ဆေးရေးတင်းကြပ်တာ ၂ ရက်ရှိလာ

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့တွင်း မေလ ၂၀ ရက်နေ့ကစလို့ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ဆေးရေး တင်းကြပ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မြစ်ကြီးနားမြို့တွင်းရဲ့ အချက်အချာကျတဲ့နေရာတွေမှာ အခုလိုစစ်ကောင်စီတပ်က စစ်ဆေးရေးတင်းကြပ်တာပုံမှန်ဖြစ်ပေမဲ့ ဒီရက်ပိုင်းအတွင်းကတော့ မြို့ရဲ့နေရာတော်တော်များများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မသင်္ကာသူတွေ၊ လမ်းသွားလမ်း လာတွေကို စစ်ဆေးမှုတွေလုပ်နေတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိမြစ်ကြီးနားမြို့တွင်း စစ်ကောင်စီက ဘယ်လိုစစ်ဆေးရေးတင်းကြပ်တာတွေလုပ်နေပါသလဲ။ မြို့ခံတစ်ဦးကတော့ KNG ကို အခုလိုပြောပြပါတယ်။

မကန မှာ လမ်းသွားလမ်းလာတွေကို စစ်မေးတာတွေ လုပ်နေတာ ၂ ရက်ရှိလာပြီ ဟုတ်တယ် မနေ့ကတော့ မနောကွင်းနား ဘက် စစ်နေတာတွေ့ရတယ်။ ရွှေလမ်းမဘက်တော့ ဖုန်းပါစစ်တယ်တဲ့။ သူတို့ရဲ့ wifi တွေဖွင့်ပေးပြီး line တွေအပါ စစ်ကြတယ်လို့ အသိတယောက်က ပြောပြတယ်လို့ မြို့ခံအမျိုးသမီးတစ်ယောက်ကပြောပါတယ်။

အခုလိုမြစ်ကြီးနားမြို့တွင်းကို စစ်ဆေးရေးမတင်းကြပ်ခင်ရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တစ်ဝှိုက်မှာ စစ်ကောင်စီကလူငယ် ၃ ဦးကိုစစ်ဆေးမေးမြန်းရာကနေ အဆိုပါလူငယ်တွေထဲကတစ်ဦးက စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ သေနတ်ကိုလုပြီး တပ်သားတစ်ဦးကို ပစ်သတ်လိုက်တဲ့ဖြစ်စဥ်ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်တပ်က စစ်ဆေးရေးတင်းကြပ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ကြ ပါတယ်။

လူငယ်တယောက် post တင်ထားတာတော့ လွန်ခဲ့တဲ့ ၂ ရက်လောက်က တပ်ကုန်းဘက်မှာ ညနေပိုင်း စစ်မေးချိန် လူငယ် သုံးဦးကို ရပ်ခိုင်းတယ်တဲ့ စစ်သားတယောက်ရဲ့ သေနတ်ကို လုပြီးစစ်သားတစ်ယောက်ကို ပစ်သတ်ပြီး ထွက်ပြေးသွားတာကြောင့် စစ်မေးမှုတွေ အဆက်မပြတ်ရှိနေတာလို့ ပြောကြတယ်

လူမှုကွန်ယက်စာမျက်နှာတွေမှာတော့ အထက်ပါဖြစ်စဥ်အကြောင်းပြောဆိုနေကြပေမဲ့ မျက်မြင်သက်သေတွေနဲ့ KNG က အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။

ဒါ့အပြင် မေလ ၂၀ ရက်နေ့က ဗန်းမော်မြို့နယ်တစ်ဝှိုက်က စစ်ကောင်စီရဲ့ထောက်ပို့ရဟတ်ယာဥ်နှစ်စီးကို KIA  ပူးပေါင်းတပ် တွေဘက်က ပစ်ချခဲ့ပြီးတဲ့နောက် အခုလိုမြို့တွင်းတင်းကြပ်မှုတွေဖြစ်လာတာလို့ ဒေသခံတွေအကြားအမျိုးမျိုးထင်ကြေးပေးနေကြပါတယ်။

မြစ်ကြီးနားမြို့တွင်းမှာ ၂၀၂၄ နှစ် မတ်လကစတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းအဖွဲ့တွေရဲ့ ထိုးစစ် အရှိန်မြင့်လာပြီးနောက်ပိုင်း မကြာခဏပစ်ခတ်သံတွေကြားရလေ့ရှိသလို အဲ့ဒီနောက်ပိုင်းကစလို့ အင်တာနဲ့ဖုန်းလိုင်းတွေကို စစ်ကောင်စီကဖြတ်တောက်ခဲ့ပါတယ်။

ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်ကတည်းက ဖုန်းနဲ့အင်တာနက် လိုင်းတွေဖြတ်တောက်ခံထားရတာဖြစ်ပြီး သတင်းစီးဆင်းမှုလည်းနည်းပါးနေသလို ဒေသခံတွေဟာ သတင်းရရှိဖို့ နဲ့ အဆက်အသွယ်အတွက် Starlink Internet ကိုသာအဓိကအသုံးပြုနေကြရတာဖြစ်ပါတယ်။

ကချင်ပြည်နယ်ဟာ ခရိုင်လေးခု၊ မြို့နယ် ၁၈ မြို့နယ်၊လူဦးရေတစ်သန်းကျော်နေထိုင်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် မြို့တော်မြစ်ကြီးနားမှာတော့ စစ်တပ်ကလုံခြုံရေးတင်းကြပ်နေတဲ့ကြား အရပ်သားသတ်ဖြတ်ခံရသူတွေလည်း ပိုများလာနေ တာပဲဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button