
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ လီဆူပြည်သူ့စစ်အဖွဲ့တွေ ဝါးရှောင်နဲ့ ဆဒုံး – ကန်ပိုင်တည်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ခိုက်ခံနေရပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ သိရပါတယ်။
မနေ့က မေလ ၂၃ ရက်နေ့ တစ်ရက်လုံး လမြန်ကျေးရွာတဝိုက်ဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်နဲ့ ပြည်သူ့စစ်ဘက်က ၁၀ ဦးကျော် သေဆုံးမှုရှိခဲ့ပြီး ရုပ်အလောင်းတွေကို ညမိုးချုပ်တဲ့အချိန်မှာ လာရောက်ကောက်သွားတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက KNG ကိုပြောပါတယ်။
“ဝိုင်းမော်မှာ ဒီတလောနေ့တိုင်းလိုလို တိုက်ပွဲပြန်ဖြစ်နေတယ် မနေ့က တစ်ရက်ထဲ နှစ်ကျော့တောင် တိုက်ပွဲဖြစ်တယ်။ စစ်တပ်ဘက်က ၁၀ ယောက်ကျော်လောက် သေတယ်။ အလောင်းတွေတောင် မနေ့ည မိုးချုပ်တဲ့အချိန်မှ အလောင်းတွေ သွားကောက်ယူကြတယ်။ ဒီကနေ့ မနက်ပိုင်းမှာလည်း လမြန်နားမှာ စစ်ကြောင်းတက်ဖို့ လုပ်နေတာ KIA တွေ ပြန်သွားတိုက်တော့ ထိခိုက်မှုရှိတယ်လို့တောပြောတယ်။ ဒါပေမယ့် သေးစိတ်တော့ မသိရသေးဘူး”လို့ပြောပါတယ်။
မေလ ၂၀ နောက်ပိုင်း ဝိုင်းမော် ခလရ ၅၈ တပ်ရင်းနဲ့ ဝူယာန်ပြည်သူ့စစ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး KIA ထိန်းချုပ်ထားတဲ့ ဝါးရှောင် ၊ ဆဒုံး၊ ကန်ပိုင်တည်ဘက်ကို စစ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်တက်လာတဲ့အတွက် KIA က လမြန်ကျေးရွာအနီးမှာ ခုခံတိုက်ခိုက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကနေ့ မေလ ၂၄ ရက်နေ့မှာလည်း စစ်ကြောင်းဆက်ထိုးဖို့ စုဝေးပြင်ဆင်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ လမြန်ကျေးရွာအနီးမှာ KIA က ထပ်မံသွားရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဆက်ဖြစ်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ဘက်ကို ခလရ ၅၈ တပ်ရင်းနဲ့ ဝူယာန်ပြည်သူ့စစ် တပ်စခန်းတွေက လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ သိရပါတယ်။
ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲပြန်ဖြစ်လာတာ ၃ ရက်ခန့် ရှိလာပြီး စစ်တပ်နဲ့ ပြည်သူ့စစ်တွေ စစ်ရေးလှုပ်ရှားလာတဲ့အတွက် အခုလို နှစ်ဖက် ပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပေါ်လာတာလို့ ဒေသခံတွေပြောပါတယ်။
“မနေ့က အစောကြီးကတည်းကနေ ဝိုင်းမော် လမြန်ဘက်ကနေ စစ်ကြောင်းတွေ တက်နေလို့ တိုက်ပွဲဖြစ်နေတယ်။ ဒီရက်ပိုင်း လက်နက်ကြီးသံတွေ ဆက်တိုက်ပြန်ကြားနေရတယ်။ ဒီဘက်ကနေ လက်နက်ကြီးတွေလည်း လှမ်းလှမ်းပစ်နေတယ်”လို့ ဝိုင်းမော် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ဝက်ခန့်အထိ ဝိုင်းမော်ဒေသထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တာကြောင့် တိုက်ပွဲနယ်မြေဖြစ်သလို ဝိုင်းမော် ခလရ ၅၈ တပ်ရင်းနဲ့ ဝူယာန်ပြည်သူ့စစ် တပ်စခန်းနှစ်ခုသာ KIA သိမ်းပိုက်ဖို့ ကျန်ရှိနေခဲ့တာဖြစ်ပါတယ်။
ဝိုင်းမော်မြို့နယ်ထဲက ဗျူဟာမြောက် တပ်ရင်း၊ တပ်စခန်းအများပိုင်းကို စစ်တပ်က လက်လွတ်လိုက်ရပြီးနောက် ပြန်လည်သိမ်းပိုက်ဖို့ အခုလို စစ်ကြောင်းထိုးတိုက်ခိုက်လာတာဖြစ်တယ်လို့လည်း စစ်ရေးသတင်းအရင်းအမြစ်တွေ သုံးသပ်နေတာဖြစ်ပါတယ်။
KIA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲမှာ ဝိုင်းမော်မြို့ထဲကထွက်တဲ့ မြစ်ကြီးနား – ဗန်းမော်သွားလမ်း၊ မြစ်ကြီးနား – ဆဒုံး၊ ကန်ပိုင်တည်သွားလမ်း ကားလမ်းမကြီး တစ်လျှောက်နဲ့ မြို့နေရာအားလုံးကို သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။
လက်ရှိ ကချင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်က လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်လည်ထိန်းချုပ်ဖို့ ဝိုင်းမော်မြို့နယ်တစ်ခုတည်းမဟုတ်ဘဲ ဖားကန့် နဲ့ မြစ်ကြီးနားမြို့နယ်တွေထဲမှာလည်း ထိုးစစ်ဆင်ဖို့ စစ်ကြောင်းထိုး တိုက်ခိုက်လာတာဖြစ်ပါတယ်။
ဖားကန့်မြို့နယ်ထဲမှာဆိုရင် ပြီးခဲဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ နောက်ပိုင်း ကားမိုင်းလမ်း၊ အင်းတော်ကြီးလမ်းနဲ့ ဆယ်ဇင်း – တာမခံလမ်းတွေဘက်ကနေ ဖားကန့်မြို့ထဲကို ဝင်ဖို့ စစ်ကြောင်းထိုး တိုက်ခိုက်နေတာ တစ်လခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)