ဖားကန့်လမ်းပိုင်းက စစ်ရှောင်တစ်ချို့ လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရ

ကချင်ပြည်နယ် ဖားကန့်မြို့ကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကြောင့် တောတွင်းတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တစ်ချို့ ရွာထဲစားနပ်ရိက္ခာပြန်ဝင်ယူချိန် စစ်တပ်ရဲ့လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတာတွေ ကြုံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကားမိုင်း– ဖားကန့်လမ်းပေါ်က နန့်ယား၊ ဆိုင်းဖရာ၊ ခွမ်စိုင်ဇွပ်၊ ကပ်မှော်၊ တံတားညီနောင်၊ ပျားအုံနဲ့ ရုန်းတောင်ကျေးရွာ ဒေသခံပြည်သူ ထက်ဝက်ခန့်က ဖားကန့်မြို့ပေါ် သက်ဆိုင်ရာ ဘာသာရေးဘုရားကျောင်းဝင်းတွေမှာ တိမ်းရှောင်နေကြသလို ထက်ဝက်ခန့်က တောတွင်းနေရာတွေမှာ တိမ်းရှောင်နေကြတာဖြစ်ပါတယ်။
စစ်ရှောင်ကာလ တစ်လခန့်ကြာမြင့်လာတာနဲ့အညီ တောတွင်းနေရာတွေမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တစ်ချို့ စားနပ်ရိက္ခာပြတ်လပ်လာတာကြောင့် ရွာထဲပြန်ဝင်လာပြီး လိုအပ်တဲ့ ရိက္ခာဝင်ယူချိန် စစ်တပ်က လူသားဒိုင်းအဖြစ်အသုံးပြုကာ ဘုန်းကြီးကျောင်းနေရာမှာ ဖမ်းဆီးထားတယ်လို့ နန့်ယားဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“အခုစစ်ရှောင်တွေက တောထဲမှာ ရှောင်နေတာ ၃ ပတ်ကျော်လာပြီ အစားသောက်တွေ ခက်ခဲလာတယ်။ နှစ်ပတ်ဆိုရင်တောင် အစားအသောက်ပြတ်လာတယ် ကျန်းမာရေးတွေထိခိုက်လာတယ်။ အဲဒါကြောင့် စစ်ရှောင်တွေက ရွာထဲကို ပြန်ဝင်လာရတယ်။ ရွာထဲကို ဝင်တဲ့အခါလည်း ပေါ်ပေါ်တင်မဟုတ်ဘဲ သူတို့ သိတဲ့ လမ်းကြောင်းတွေကနေ ဝင်ကြပေမယ့် စစ်တပ်က ပြန်ခေါ်ထားတယ်။ ရွာထဲကနေ ပြန်မထွက်ခိုင်းဘူး ဘုန်းကြီးကျောင်းမှာ ခေါ်ထားတယ်”လို့ပြောပါတယ်။
စစ်ကောင်စီတပ်တွေက စစ်ရှောင်တွေကို မဖမ်းဆီးခင်ကတည်းက နန့်ယား၊ ကပ်မှော်နဲ့ ဆိုင်းဖရာကျေးရွာတွေမှာဝင်ပြီးပြည်သူပိုင်နေအိမ်တွေဖောက်ထွင်းကာ အိမ်တွင်းရှိပြည်သူပိုင်ပစ္စည်းတွေကို ကားကြီးတွေနဲ့ ခိုးယူတာတွေ လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေပြောပါတယ်။
အဲဒီကျေးရွာတွေမှာ ရှေ့တန်းစစ်ကြောင်းတွေ ဝင်ရောက်သွားပြီးနောက် နောက်တန်းကနေပြန်တက်လာတဲ့ စစ်ကြောင်းတွေဟာ ကျေးရွာတွင်းနေရာယူတပ်စွဲထားတယ်လို့ သိရပြီး လက်ရှိ နန့်ယားကျေးရွာအပါ ကျေးရွာတစ်ချို့မှာ စစ်အင်အား ၅၀ နဲ့ ၁၀၀ ကြား စစ်အင်အားချထားတယ်လို့လည်း ဒေသခံတွေပြောပါတယ်။
ဆယ်စုနှစ်ခုအကြာ စစ်တပ်စခန်းအခိုင်အမာတပ်ချထားတဲ့ နန့်ယားနဲ့ နမ်တိန့်ကျေးရွာ နှစ်ခုစလုံးကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဧပြီလအတွင်း အပြီးသတ်သိမ်းပိုက်လိုက်ပြီးနောက် ဖားကန့်လမ်းတစ်လျှောက်ရှိ ကျေးရွာအားလုံးကို KIA ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။
တစ်နှစ်ဝန်းကျင်အထိ KIO အစိုးရလက်အောက်မှာ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေချိန် ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေ အင်အား ၅၀၀ ဝန်းကျင်ခန့်က ဖားကန့် ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ကျေးရွာအားလုံးက တစ်ကျောပြန် ထပ်မံပြီး စစ်ဘေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။
KIO/KIA အစိုးရ အုပ်ချုပ်ရေးယန္တရားလည်ပတ်တဲ့ တစ်နှစ်တာအတွင်းမှာ နန့်ယားကျေးရွာအပါ ကားလမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာနေဒေသခံပြည်သူတွေက ဘေးကင်းလုံခြုံစွာ ကျေးရွာတစ်ခုနဲ့ တစ်ခု လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်တဲ့အပြင် တောင်ယာလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့တာဖြစ်တယ်လို့ နန်ယားဒေသခံတွေပြောပါတယ်။
အခုလို ဖားကန့်ဒေသဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ တန်ပြန်စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာပြီး ဖားကန့်သွားလမ်းပေါ် ရှိ ကျေးရွာတွေအားလုံး ထပ်မံစစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။
ဖားကန့်သွား လမ်းပေါ် ရှိ ကျေးရွာအားလုံးက စစ်ဘေးရှောင်ပြည်သူလူဦးရေ နှစ်ထောင်ကျော်ရှိတဲ့အနက် ဖားကန့် ကချင်နှစ်ခြင်းအသင်းတော် KBC ရဲ့ အကူအညီနဲ့ စစ်ရှောင် ၁၅၀၀ ဝန်ကျင်ခန့်က ဖားကန့်မြို့ပေါ် က ဘာသာရေးဆိုင်ရာ ဘုရားကျောင်းဝင်းတွေမှာ တိမ်းရှောင်နေကြတာဖြစ်ပါတယ်။
ဒါပေမယ့် ကျန်တဲ့စစ်ရှောင်တစ်ထောင်ခန့်က တောတွင်းနေရာတွေမှာ တိမ်းရှောင်နေကြတယ်လို့ စစ်ရှောင်တာဝန်ခံတွေ ဆီကနေ သိရပါတယ်။
လက်ရှိ တောတွင်းနေရာတွေမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်အများစုက တောထဲမှာ နေရာအခက်အခဲနဲ့ အစားအသောက် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ကြားသိရပေမယ့် ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့မရဘဲ မိသားစုတွေ တစ်စုတစ်ကွဲဖြစ်နေကြတယ်လို့ သိရပါတယ်။
နန့်ယားကျေးရွာအပါ ကပ်မှော်၊ ဆိုင်းဖရာနဲ့ ပျားအုံ၊ တံတားညီနောင် ကျေးရွာနေ ပြည်သူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၅ နှစ်တာအတွင်း နှစ်တိုင်းလိုလို မကြာခဏ စစ်ဘေးတိမ်းရှောင်နေရပေမယ့် ယခုတစ်ခေါက်ဟာ အဆိုးရွာဆုံး စစ်ဘေးဒဏ်ကို ကြုံတွေ့ရတာဖြစ်တယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ စစ်ရှောင်တာဝန်ခံတစ်ဦးက ပြောပါတယ်။
“အရင်တုန်းက ဖြစ်ခဲ့တဲ့တိုက်ပွဲနဲ့ အခုတစ်ခါကြုံရတဲ့ တိုက်ပွဲကမတူဘူး။ စစ်တပ်က ထိုးလာတာမဟုတ်ဘူး ထိုင်နေတဲ့ စစ်တပ်ကို သွားရောက် ပစ်ခတ်လို့ ဖြစ်တဲ့တိုက်ပွဲဖြစ်တဲ့အတွက် တောတွေမှာ တိမ်းရှောင်ကြတယ်ဆိုပေမယ့် ခဏလေးပဲနဲ့ ပြန်ဝင်နိုင်တယ်။ တောထဲကို စစ်ကောင်စီတပ် ဝင်လာတာမဟုတ်ဘူး။ စစ်ရှောင်ကြတယ်ဆိုပေမယ့် အန္တရာယ်နည်းတယ်လို့ ပြောရမယ်။ အခုက စစ်ကြောင်းထိုးလာတာဖြစ်တဲ့အတွက် ဘယ်ဘက်ကို စစ်ကြောင်းဝင်လာမလဲ ဘယ်ကို လက်နက်ကြီးပစ်ခတ်လိုက်မလဲ ကြိုမသိနိုင်ဘူး။ အဲ့ကြောင့် အစားအသောက် ဆေးဝါးတွေ လိုအပ်လို့ သွားယူမယ်ဆိုရင်တောင် သွားရ လာရ အရမ်းခက်ခဲတယ်။ ဖုန်းလိုင်းတွေမရှိတော့ မိသားစုတစ်ယောက်နဲ့ တစ်ယောက်တွေ့ဖို့ ခက်ခဲတယ်”လို့ပြောပါတယ်။
စစ်ရှောင်ပြည်သူတွေက စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချိန်အတွင်းမှာပဲ အသက်အန္တရာယ်လွတ်မြောက်ဖို့ ထွက်ပြေးတိမ်းရှောင်ကြရတာဖြစ်တဲ့အတွက် လက်ရှိမှာ အစားအသောက်၊ နေရာထိုင်ခင်း ၊ ခိုင်ခံ့တဲ့ မိုးကာတဲတွေ တည်ဆောက်နိုင်ဖို့ နဲ့ ဆေးဝါးပစ္စည်းတွေ ကူညီလိုအပ်နေတယ်လို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။
အခုချိန်မှာ ဖားကန့် လမ်းတစ်လျှောက် စစ်ကောင်စီတပ်တွေဟာ ဖားကန့်မြို့ထဲအထိ ဝင်ရောက်နိုင်ဖို့ရန်အတွက် စစ်ကြောင်းထိုးဝင်ရောက်နေဆဲဖြစ်ပြီး မေလ ၂၃ ရက်နေ့အထိ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ပျားအုံးကျေးရွာကို ကျော်တက်ပြီးတော့ ရုန်းတောင်ကနေ နန့်တိန် ကျေးရွာဘက်ကို ဝင်ရောက်ဖို့ ကြိုးစားနေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။
ဖားကန့် လမ်းကြောင်း စစ်ရေးအခြေအနေအရ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေက ဖားကန့် မြို့ထဲကို မရောက်မချင်း စစ်ကြောင်းထိုးဝင်ရောက်နေမှာဖြစ်သလို တစ်ဖက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေလည်း စစ်ကောင်စီတပ် တက်လာတဲ့ လမ်းကြောင်းတွေမှာ ပိတ်ဆို့ တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲက ဆက်ပြီး ကျန့်ကြာနိုင်တယ်လို့ ဖားကန့် ဒေသခံတွေပြောပါတယ်။
ဒါ့အပြင် လက်ရှိ စစ်ကြောင်းဝင်ရောက်နေပြီဖြစ်တဲ့ နန့်ယား၊ ဆိုင်းဖရာ၊ ကပ်မှော်၊ ပျားအုံး စတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေပြီဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေကြား လူ့အခွင့်အရေးချိုးဖောက်တာတွေလည်း ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေပြောပါတယ်။
“အခုက ရွာထဲမှာ စစ်တပ်တွေ နေရာယူထားပြီဖြစ်တဲ့အတွက် KIA ကလည်း ဘာပဲဖြစ်ဖြစ် လာတိုက်ခိုက်မှာပဲ။ ဒီအခြေအနေမှာ ဒေသခံတွေ လာနေရင်လည်း လုံခြုံမှုမရှိတော့ဘူး။ တိုက်ပွဲလည်း အချိန်မရွေးအမြဲလိုလို ဖြစ်နေတော့မှာ။ အဲကြောင့် ဒေသခံပြည်သူတွေ ကလည်း အချိန်မရွေးဘာမဆိုဖြစ်လာနိုင်တယ် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်လာမှာ ကြောက်ရတယ်။ ဘာပဲဖြစ်ဖြစ် KIA တပ်တွေ နန့်ယားကျေးရွာတွေကို သိမ်းပိုက်လိုက်နိုင်ကတည်းက ကျနော်တို့ ဒေသခံပြည်သူတွေ သွားရေး လာရေးမှာလည်း အရမ်းအဆင်ပြေသွားတယ်။ လမ်းပိုင်းမှာလည်း စစ်ဆေးဖမ်းဆီတာတွေမရှိတော့ဘူး။ အခုဆိုရင် စစ်တပ်ရှိတဲ့ နေရာတွေ အားလုံးမှာ စစ်ဆေးတော့မှာ လုံခြုံမှုတကယ်မရှိတော့ဘူး”လို့ဆက်ပြောပါတယ်။
၂၀၂၄ ခုနှစ်အတွင်း နန့်ယားနဲ့ နန်တိန့် ကျေးရွာတွေကို KIA သိမ်းပိုက်လိုက်ပြီးနောက် ဖားကန့်လမ်းတစ်လျှောက်မှာ စစ်တပ်ဂိတ်တွေ ကင်းစင်သွားတဲ့အပြင် ဒေသအတွင်း လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဒါပေမယ့် ဧပြီလ ၂၃ ရက်နေ့ ပြန်စတင်လာတဲ့ ဖာကန့်လမ်း စစ်ရေးအခြေအနေဟာ ဒီထက်ပိုပြီး ကြာမြင့်လာရင် စစ်ရှောင်ပြည်သူတွေ အစားအသောက်ပြတ်တောက်တာတွေ ဖြစ်လာနိုင်သလို ရေရှည်မှာ ကလေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ ထိခိုက်နစ်နာမှုများဖြစ်ပေါ်လာမှာကိုလည်း စစ်ရှောင်တွေက စိုးရိမ်ပူပန်နေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲမှာလည်း ဖားကန့်လမ်းတစ်လျှောက် KIA နဲ့ စစ်ကောင်စီတပ်ကြား စခန်းသိမ်းတိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကျေးရွာအတွင်း ဒေသခံပြည်သူတွေရဲ့ လူနေအိမ်တစ်ချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သလို အရပ်သားတစ်ချို့လည်း ထိခိုက်သေဆုံးမှုရှိခဲ့တာဖြစ်ပါတယ်။
ဖားကန့်လမ်းပေါ် ရှိတဲ့ ကျေးရွာနေ ဒေသခံပြည်သူတွေက ၂၀၂၄ ခုနှစ်ထဲမှာလည်း KIA ရဲ့ ထိုးစစ်ကြောင့် ၃ လဝန်းကျင်ခန့်အကြာ တောတွင်းတိမ်းရှောင်ခဲ့ရပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကနေ ဖားကန့်လမ်းပိုင်းမှာ စစ်ရေးတင်းမာမှုဖြစ်လာတိုင်း မကြာခဏစစ်ဘေးတိမ်းရှောင်နေရတဲ့ ကျေးရွာတွေဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိဖြစ်နေတဲ့ ဖားကန့်တိုက်ပွဲ စစ်ရှိုန်ကြာမြင့်သွားပြီး တိုက်ပွဲကြောင့် မမျှော်မှန်းနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေ ကြုံတွေ့လာရမှာလည်းကို ကျေးရွာနေ ဒေသခံပြည်သူတွေ စိုးရိမ်နေကြတာဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)