မိုးညှင်းမြို့နယ်က ကျေးရွာတစ်ရွာ လက်နက်ကြီးကျလို့ သက်ကြီးရွယ်အိုနှစ်ဦးသေဆုံး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသက ဟဲပါကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ သက်ကြီး ရွယ်အို လင်မယားနှစ်ယောက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့ ညနေပိုင်း ၆ နာရီဝန်းကျင်လောက်မှာ ဟဲပါကျေးရွာထဲလက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာလို့သိရပြီး အသက် ၆၂ နှစ်အရွယ် ဦးချမ်းမောင်နဲ့ ဇနီး ဒေါ်ခင်ပြုံး အသက် ၅၈ နှစ်အရွယ်တို့ သေဆုံး ခဲ့ရတာလို့ သိရပါတယ်။
ဒါ့အပြင် အသက် ၅၀ နှစ်အရွယ် ဒေါ်တင်နုကတော့ ခြေထောက်မှာထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ဖြစ်စဥ်ကို အခုလိုပြောပါတယ်။
“ကျမတို့ရွာတွေမှာဖြစ်တတ်တဲ့အလေ့အကျင့်က ဘယ်လိုလဲဆို တော့ လူကြီးတွေက အိမ်စောင့်ကျန်နေမယ်ဆိုပြီးပေါ့ အဲ့လိုနဲ့ကျန်ခဲ့တဲ့သူတွေပေါ့။ ရှမ်းနီလူမျိုးလို့သိရတယ်။ အဲ့ဒီဘက်က တော့ ရှမ်းနီ၊ ရှမ်းဗမာ အစပ်တွေ၊ တောင်သူတွေများ တယ်။ နှစ်ယောက်ကတော့ဆုံးသွားတယ်။ အဘွားကြီးတစ်ယောက်ကတော့ ခြေထောက်အတွင်းရောအပြင်ရောဒဏ်ရာရ သွားတယ်ပြောတယ်”လို့ပြောပါတယ်။
လက်နက်ကြီးဟာ ဘယ်အဖွဲ့အစည်းကပစ်ခတ်လိုက်တဲ့လက်နက်ကြီးဆိုတာ ဒေသခံအများစုကမသိဘူးလို့ဆိုကြပြီး ဒေသခံ တစ်ချို့ကတော့ ဟိုပင်မြို့ ခမရ ၃၈၉ တပ်ကပစ်ခတ်တဲ့လက်နက်ကြီးဖြစ်တယ်လို့ဆိုပေမဲ့ KNG က သီးခြားအတည်ပြုနိုင်တာ တော့မရှိသေးပါဘူး။
အဲ့ဒီလက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ အင်းတော်ကြီးဒေသတစ်ဝှိုက်မှာ ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ တပ်မ ၃၃ လက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချို့က စစ်ရေးလှုပ်ရှားနေတာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ကတည်းက ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့ကနေစလို့တော့ အင်းတော်ကြီးဒေသတစ်ဝှိုက်မှာရှိတဲ့ စစ်ကောင်စီ၊ရှမ်းနီပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့ကိုစစ်ကြောင်းထိုးဖို့ကြိုးစားလာတာကြောင့် ဆနွင်းကုန်းလို့ခေါ်တဲ့ ကျေးရွာတစ်ဝှိုက်မှာ နှစ်ဖက်တပ်တွေအကြား ထိတွေ့မှုတွေပြန်ဖြစ်နေတာ ဒီနေ့အထိ ဖြစ်ပါတယ်။
အင်းတော်ကြီးဒေသတစ်ဝှိုက်လက်ရှိစစ်ရေးလှုပ်ရှားနေတဲ့စစ်ကောင်စီနဲ့ ရှမ်းနီတပ်မတော် SNA ပူးပေါင်းအဖွဲ့တွေဟာလည်း ဖားကန့်မြို့ကိုဦးတည်စစ်ကြောင်းထိုးဖို့ကြိုးစားနေတဲ့ စစ်ကြောင်းလို့စစ်ရေးသတင်းရင်းမြစ်တွေကဆိုကြပါတယ်။
“KIA ကတော့အရင်က အင်းသာ၊ ဆနွင်းကုန်းဘက်မှာနေရာယူထားတာ။ တပ်မ ၃၃ တွေရောက်လာကတည်းက ပစ်လိုက် ခတ်လိုက် နဲ့ ခဏခဏ ထိုးစစ်ဆင်ကြတာ။ အခုက ဆနွင်းကုန်းနဲ့အင်းသာကို တစ်နေ့ကို ၃ ခေါက် ၂ ရက်ခြား တစ်ခါလောက် ကိုလာပြီး အတွဲလိုက်ကြီးတွေလာချကြတယ်။ ဗုံးကြဲတာပေါ့။ အဲ့ဒီနောက်ပိုင်းတော့ KIA က ဆနွင်းကုန်းတစ်ဝှိုက်ကနေ နောက်ဆုတ်လိုက်ရတယ်”လို့ ဒေသခံတစ်ဦးကလက်ရှိ အင်းတော်ကြီးဒေသကစစ်ရေးအခြေနေကိုပြောပြပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဇွန်လ နောက်ဆုံးအပတ်လောက်မှာ အင်းတော်ကြီး–ဖားကန့်လမ်းကြောင်းမှာရှိတဲ့ ညောင်ပင် နဲ့ ချောင်းဝတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး အဲ့ဒီဒေသတစ်ဝှိုက် က ကျေးရွာအများစုဟာဘေးလွှတ်ရာတောတောင်တွေနဲ့မြို့ပေါ်တွေမှာတိမ်းရှောင်နေရတာဖြစ်ပါတယ်။
တစ်ဖက်မှာတော့ ကားမိုင်း–ဖားကန့်လမ်းအတိုင်းတက်လာတဲ့ စစ်ကောင်စီနဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ နမ့်တိန်ကျေးရွာကိုကျော် လာပြီဖြစ်ပြီး ဖားကန့်မြို့အဝင်တစ်ဝှိုက်ကိုရောက်နေတယ်လို့သိရပါတယ်။
ဒါ့အပြင် ဒီကနေ့မနက်ပိုင်း ၃ နာရီလောက်မှာတော့ ဖားကန့်မြို့အဝင် လုံးခင်းရဲစခန်းတစ်ဝှိုက်မှာလည်းပစ်ခတ်သံတွေကြားခဲ့ရ ကြောင်း ဒေသခံတွေဆီကသိရပြီး စစ်ကောင်စီတပ်ကတော့သူတို့လက်လွှတ်ထားရပြီး စစ်ရေးအရရော၊ စီးပွားရေးအရပါ အရေးပါတဲ့ ဖားကန့်ကိုပြန်ရဖို့ကြိုးစား လာနေတာဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့ရဲ့အဝင်လမ်းကြောင်းတွေနဲ့ မြို့ရဲ့နေရာ တော်တော်များများကိုထိန်းချုပ်ထားတာ ပြီးခဲ့တဲ့နှစ်ကတည်းကဖြစ်ပါတယ်။
By – အမိုး