
တစ်လခန့်အကြာ ဖားကန့်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက မေလ ၂၆ ရက်နေ့ ဒီကနေ့ မနက်အစောပိုင်းမှာ စစ်ကြောင်း ၃ ခုခွဲပြီး ဖားကန့်မြို့အဝင်ဝနားအထိ ရောက်ရှိသွားပြီလို့ သိရပါတယ်။
ကားမိုင်းဘက်ကနေ စစ်အင်အား ၅၀၀ ဝန်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ နန့်တိန့် (Namting) ကျေးရွာအရောက်မှာ လမ်းကြောင်း ၃ ခုခွဲကာ ဒီကနေ့ မေလ ၂၆ ရက်နေ့ မနက်ပိုင်း ၃ နာရီခွဲဝန်းကျင်လောက်မှာ ဖားကန့် မြို့ဘက်ခြမ်းကို ရောက်ရှိလာကြတာဖြစ်တယ်လို့ ဖားကန့် ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။
“စစ်ကြောင်းတွေက လယ်ပြင်လမ်းမကြီးကနေ တစ်ခု၊ နန့်ယွန်း– နန့်ဂျန် ဘက်ကနေ တစ်ခု၊ လုံးခင်း ဖန်ခါးကုန်း ဘက်ကနေ တစစ်ကြောင်း တစ်ခုနဲ့ ထွက်လာကြတာ။ ဖားကန့်မြို့ဘက်ခြမ်းကို ရောက်သွားပြီလို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဖားကန့် ဘက်ခြမ်းကနေ ထွက်တဲ့ ၅ မိုင်၊ ၆ မိုင် နေရာတွေအားလုံးမှာ ဖြတ်ကျော်သွားနိုင်ခဲ့ပြီလေ။ ခဏတုန်းကတောင် နန့်ဂျန်ဘက်မှာ လက်နက်သံတွေ ပြန်ကြားနေရတယ်လို့ပြောတယ်။ စစ်ကြောင်းတွေက ဖားကန့် တပ်မကုန်းဘက်ကို တော့ မရောက်သေးဘူးပေါ့လေ”လို့ ပြောပါတယ်။
လက်ရှိ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေက ဖားကန့်မြို့နဲ့ ၇ မိုင်၊ ၈ မိုင်ခန့် အကွာမှာရှိတဲ့ နန့်တိန့်ကျေးရွာသာမက ၅ မိုင်၊ ၆ မိုင် နေရာတွေပါ ကျော်တက်သွားနိုင်ပြီးတော့ ဖားကန့်မြို့အဝင် လယ်ပြင်ဘက်ခြမ်းကို ဦးတည်နေပြီလို့ ဖားကန့် သတင်းအရင်းအမြစ်က ပြောပါတယ်။
ဖားကန့်မြို့ထဲကို ဝင်ရောက်နိုင်ဖို့ရန်အတွက် စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၃ ခုခွဲပြီး ဖားကန့် လမ်းမကြီးအတိုင်း တက်လာတဲ့ စစ်ကြောင်းတစ်ခု၊ တောလမ်းကနေ တက်လာတဲ့ လမ်းကြောင်း နှစ်ခု တက်လာခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၃ ရက်လောက်ကနေ စစ်ကြောင်းတွေက ပျားအုံ၊ ရုံးတောင်နဲ့ နန့်တိန့် ကျေးရွာအရောက်မှာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့ စောင့်ကြိုတိုက်ခိုက်နေရာကနေ စစ်ကြောင်း ၃ ခုခွဲပြီး လမ်းကြောင်းပျောက်သွားတာဖြစ်တယ်လို့လည်း သိရပါတယ်။
အခုလို စစ်ကြောင်းခွဲပြီး လမ်းကြောင်းပျောက်သွားတဲ့အတွက် KIA ဘက်ကလည်း ထိထိရောက်ရောက် ခုခံကာကွယ်ဖို့ အားနည်းသွားတာဖြစ်တယ်လို့ ရှေ့တန်း KIA သတင်းအရင်းအမြစ်နဲ့ နီးစပ်တဲ့ ဖားကန့် ဒေသခံတစ်ဦးက ပြောပါတယ်။
“ကားမိုင်းကနေ ထိုးလာတဲ့ စစ်ကြောင်းတွေက ပျားအုံကနေ ရုံးတောင်ဘက်ကိုရောက်လာတဲ့အခါမှာ ဖားကန့် ဘက်ကနေ လာကြိုတဲ့ စစ်ကြောင်းတွေက ၂၄ ရက်နေ့ မနက်ပိုင်းရောက်လာတယ်။ ဒါကြောင့် ဒီရက်ပိုင်းအတွင်း ၅ မိုင်၊ ၆ မိုင်နေရာမှာ တိုက်ပွဲတွေဖြစ်တယ်။ KIA တပ်မဟာ ၉ နဲ့ တော်လှန်ရေးတပ်တွေက စစ်အင်အား အားနည်းသွားတယ်လို့ ပြောလို့ရမယ်။ အဲ့ကြောင့်လည်း စစ်ကောင်စီတပ်တွေ စစ်အင်အားအလုံးအရင်းအနဲ့ တက်လာတဲ့အခါမှာ ဘက်ပေါင်းစုံကနေထိထိရောက်ရောက် မလုပ်နိုင်ဘူးလို့မြင်တယ်။ လမ်းကြောင်း ၃ ခုကနေ တက်လာတော့ နေရာအားလုံးမှာ မကာကွယ်နိုင်ခဲ့ဘူး”လို့ ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဖားကန့်မြို့အဝင်ဝ အနီးတဝိုက်အထိ ရောက်ရှိနေပြီဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူကြီး နော်ဘူက KNG ကိုပြောပါတယ်။
“ကျနော်တို့ကတော့ နန်တိန့်အထိ ရောက်တယ်ဆိုတဲ့ သတင်းပဲ ရသေးတယ်။ မကျော်နိုင်သေးဘူးလို့တော့ ပြောတယ်။ လုံးခင်းဘက်ကနေတော့ စစ်ကူဆင်းလာလို့ တိုက်ပွဲဖြစ်တယ်။ ဖားကန့်ထဲကို ဝင်ဖို့ ၁၀ မိုင်လောက်တော့ လိုအုံးမယ် ထင်တယ်။ သေချာတော့ မသိသေးဘူး”လို့ပြောပါတယ်။
ဧပြီလ ၂၅ ရက်နေ့ နောက်ပိုင်း စစ်ကောင်စီတပ်တွေ စစ်အင်အားအလုံးအရင်းနဲ့ ကာမိုင်း–ဖားကန့် လမ်းမကြီးအတိုင်း စတင် ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး တစ်လကျော်ကာလအတွင်း ဖားကန့် လမ်းမပေါ် တစ်လျှောက်ရှိ မအူပင်၊ နန့်ယား၊ ဆိုင်းဖရာ၊ ကပ်မှော်၊ တံတားညီနောင်၊ ပျားအုံ၊ ရုံးတောင် စတဲ့ ကျေးရွာတွေကို ဖြတ်ပြီး လေကြောင်းအကူနဲ့ စစ်ကြောင်း တက်လာခဲ့တာဖြစ်ပါတယ်။
အဲဒီကျေးရွာတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလအတွင်း KIA သိမ်းပိုက်လိုက်ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာ တစ်နှစ်ခန့်အကြာမှာ စစ်တပ်က တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)