သတင်း

ဗန်းမော် တဖန်ထိုးစစ်မှာ စကခ ၂၁ ရှေ့တန်း ကာကင်းစခန်းတစ်ချို့ကို KIA ပြန်လည်သိမ်းပိုက်

ဗန်းမော်တိုက်ပွဲမှာ စစ်ရဟတ်ယာဉ် နှစ်စင်း KIA ပစ်ချလိုက်ပြီးနောက် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့များ ယနေ့ မေလ ၂၇ ရက်နေ့က စတင်ပြီး ထိုးစစ်ဆင်တိုက်ပွဲ ပြန်လည်စတင်လိုက်ရာ စစ်တပ်တပ်စွဲထားတဲ့ ဝင်းလိုက် (Win Light) ဟိုတယ်အပါအဝင် စကခ ၂၁ ကာကင်းတပ်စခန်းတစ်ချို့ကို ပြန်လည်သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။

လက်ရှိ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ စကခ ၂၁ အနီးရှိ အရေးပါတဲ့ ကာကင်းတပ်စခန်းတစ်ချို့နဲ့ ဝင်းလိုက် ဟိုတယ်ထဲမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်တွေကို ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက KNG ကိုပြောပါတယ်။

စကခ ၂၁ ပတ်ဝန်းကျင်တစ်ဝိုက်မှာ ဒီကနေ့ မနက်ပိုင်း ၄ နာရီလောက်ကနေ စတင်ပြီး တိုက်ပွဲပြန်ဖြစ်နေတယ်။ မနက်ပိုင်း ၆ နာရီလောက်မှာတော့ စစ်ကောင်စီတပ်တွေ နေရာယူထားတဲ့ ဝင်းလိုက်ဟိုတယ်ထဲကိုဝင်ပြီး ရှင်းလင်းတာတွေလုပ်တယ်။ အခုက ကျန်ရှိနေသေးတဲ့ နေရာတွေကို ပြန်ပြီး တိုက်နေတယ်” လို့ ပြောပါတယ်။

KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဒီကနေ့ တန်ပြန် ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်လိုက်တဲ့ တိုက်ပွဲမှာ စကခ (၂၁) တပ်ရင်းကို လုံခြုံရေးရယူထားတဲ့ ကာကင်းတပ်စခန်းတစ်ချို့ကိုလည်း ပြန်လည်သိမ်းပိုက်ရရှိထားတယ်လို့ သတင်းအရင်းအမြစ်တွေ ပြောပေမယ့် တိုက်ပွဲဆက်ဖြစ်နေသေးတဲ့အတွက် အခြေအနေကို အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာဖြစ်ပါတယ်။

ဝင်းလိုက်ဟိုတယ်အနီးတဝိုက်မှာ ဒီကနေ့ နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်အထိ နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ၅ လကျော်ခန့်ကြာမြင့်လာတာနဲ့အညီ ဗန်းမော်မြို့ လက်မလွတ်ရေးအတွက် စစ်တပ်ဘက်က စစ်လေယာဉ် အများအပြားအသုံးပြုခြင်း၊ ခေတ်မှီ ဒရုန်း လက်နက်ကြီးတွေနဲ့ နေ့စဉ် တိုက်ခိုက်နေတဲ့အတွက် ဗန်းမော်မြို့တွင်း ၆၀ ရာခိုင်နှုန်းက ပျက်စီးသွားပြီလို့ ဗန်းမော်ဒေသခံတွေ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက မြို့တွင်းကျန်ရှိနေတဲ့ တိုက်အဆောက်အဦးနေရာတွေမှာ နေရာယူထားပြီး စနိုက်ဘာ၊ ဒရုန်းတွေနဲ့ KIA တပ်တွေ ရှိနိုင်တဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။

အခုလို လေကြောင်းအပါ လက်နက်ကြီး ဒရုန်းတွေနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေရတဲ့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ မေလအတွင်း ဖြစ်တဲ့တိုက်ပွဲတွေမှာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားပြီဖြစ်တဲ့ စစ်တပ်နေရာတစ်ချို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပေမယ့် ပြန်လည်လက်လွတ်လိုက်ရတာတွေရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့မှာ ဗန်းမော်တိုက်ပွဲမှာ စစ်ရဟတ်ယာဉ် ၃ စင်းနဲ့ စစ်အင်အားနဲ့ စစ်ရိက္ခာအပါ လာရောက်ပို့ချခဲ့စဉ် KIA နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ရဟတ်ယာဉ် ၂ စင်းကို ပစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။

စစ်ရဟတ်ယာဉ် ၂ စင်းပစ်ချခံရတဲ့ တစ်ပတ်အကြာမှာ KIA က ဗန်းမော်မြို့အပြီးသတ် သိမ်းပိုက်နိုင်ဖို့ရန်အတွက် တစ်ဖန်ထိုးစစ်ဆင် တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button