သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ကွင်းလမ်းအသုံးပြုနေရဆဲဖြစ်တဲ့အတွက် ကုန်စျေးနှုန်းဆက်မြင့်တက်နေ

မန္တလေးမြစ်ကြီးနားကားလမ်းပိုင်းမှာ ကွင်းလမ်းအသုံးပြုပြီးသွားလာနေရဆဲဖြစ်တာကြောင့် ကချင်ပြည်နယ်ဘက်မှာ စားသောက်ကုန်တစ်ချို့ပြတ်လပ်လာပြီး ကုန်စျေးလည်း မြင့်တက်လာနေတယ်လို့ ဒေသခံတွေပြောပါတယ်။

ကချင်ပြည်အတွက် အဓိကကုန်သွယ်ရေးလမ်းမကြီးဖြစ်တဲ့ မန္တလေး –မြစ်ကြီးနားဗျူဟာကားလမ်းမကြီးကို စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ် ပေကြီး၊ဇီးကုန်းနဲ့စပယ်နံ့သာကျေးရွာတစ်လျှောက်မှာ ပိတ်ထားတာကြောင့် ကုန်ကားနဲ့ခရီးသည်ကားအားလုံး ကွင်းလမ်းလို့ခေါ်တဲ့ (မိုင် ၄၀ )လမ်းကို အသုံးပြုသွားလာနေရပြီး ခရီးကြန့်ကြာမှုကြုံနေရတယ်လို့ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နေအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

အခုပိတ်ထားတဲ့ကွင်းလမ်းက အရင်အင်းတော်ကွင်းလမ်းထက်ဆိုးတယ်ပြောတယ် အဲ့ကြောင့်ကုန်တခါတခါရောက်ဖို့မလွယ်ဘူး။ အခုကုန်ကားတွေမဝင်တာအတော်ကြာပြီ မြို့ထဲမှာ ကွမ်းရွက်တွေ၊လက်ဖက်ရည်ဆိုင်သုံးပစ္စည်းတွေတချို့ပြတ်နေကြတယ်ဗျ ပစ္စည်းမရောက်လို့တဲ့”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။

လက်ရှိအသုံးပြုနေတဲ့ကွင်းလမ်းဟာ မိုင်းပေါင်း ၄၀ ကျော်ဝေးပြီး မြေသားလမ်းဖြစ်တာကြောင့် မိုးရွာသွန်းတဲ့အချိန်တွေမှာ လမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးလို့ သွားလာရခက်ခဲတာကြောင့် လမ်းမှာ တစ်ပတ်ကျော်ကြာတယ်လို့သိရပါတယ်။

အရင်အင်းတော်ကွင်းလမ်းပိတ်တဲ့အချိန်ဆိုရင် တစ်ပတ် ၊တစ်ပတ်ကျော်ကျော်ဆိုမြစ်ကြီးနားရောက်ပြီ အခုက ပြီးခဲ့တဲ့ ၁၈ ရက်နေ့က မန္တလေးဂိတ်ကိုတင်ထားတာအခုထိမြစ်ကြီးနားဂိတ်ကိုမရောက်လာသေးဘူးပစ္စည်းကဆယ်ရက်တောင်ရှိပြီလို့ လူသုံးကုန်နဲ့စားသောက်ကုန်ရောင်းနေတဲ့မြစ်ကြီးနားမြို့တပ်ကုန်းရပ်ကွက်နေအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခုလိုကွင်းလမ်းအသုံးပြုသွားလာနေရတာကြောင့် မြစ်ကြီးနား၊ပူတာအိုနဲ့အခြားမြို့နယ်တွေဘက်မှာ စားသုံးသူအများဆုံးကုန်တွေဖြစ်တဲ့ ကွမ်းရွက်၊ လက်ဖက်ရည်ဆိုင်သုံးဂျုံမုန့်၊ စားဆီ၊ ခရမ်းချဥ်သီးတွေနဲ့အခြားကုန်ပစ္စည်းတွေပြတ်လပ်တာစျေးတက်တာတွေရှိနေတယ်လို့သိရပါတယ်။

ပြည့်ဝ(စားဆီငါးဆယ်သားနဲ့တပိဿဗူးတွေဆိုပြတ်နေပြီ လူတိုင်းနီးပါးကဗူးသေးပဲဝယ်သုံးကြတာ စျေးလည်းတက်တယ် ခါတိုင်းတစ်သောင်းပဲအခု ၁၂၀၀၀ ရှိတယ် ရွှေဝါဆပ်ပြာလည်းအဝယ်များတော့ ကုန်ကလည်းထပ်မရောက်ဆိုတော့စျေးတင်ရောင်းကြတယ် ၅၀၀၊ ၆၀၀ အထိထပ်တက်တယ်”မြို့ ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ပျူစောထီးပူးပေါင်းတပ်တွေ ကန့်ဘလူမြို့နယ်ထဲက မြစ်ကြီနား– မန္တလေးဗျူဟာကားလမ်းပိုင်းမှာ ယခုနှစ်ဖေဖော်ဝါရီလကတည်းက ခြေကုပ်တပ်စွဲထားပြီး မတ်လကနေ ယင်းကားလမ်းပိုင်းကိုပိတ်ထားတာဖြစ်ပါတယ်။

လက်ရှိအသုံးပြုနေတဲ့ကွင်းလမ်းတလျှောက်ကိုတော့ ကာကွယ်ရေးတပ်တွေဘက်က ထိန်းချုပ်ထားတယ်လို့လည်းသိရပါတယ်။

စစ်ကောင်စီတပ်ဟာ မန္တလေး– မြစ်ကြီးနားကားလမ်းပိုင်းကို ၂၀၂၄ ခုနှစ် သြဂုတ်လကစပြီး အင်းတော်မြို့မသိမ်းခင် ၂၀၂၅ ဧပြီလအထိ အင်းတော်မြို့ထဲကနေပိတ်ထားခဲ့ပါတယ်။

အင်းတော်မြို့ကနေ မန္တလေး မြစ်ကြီးနားကားလမ်းပိတ်ထားချိန်ကုန်ကားနဲ့ခရီးသည်ကားတွေဟာ အင်းတော်မြို့ရှောင်လမ်း ကွင်းလမ်းကိုအသုံးပြုသွားလာခဲ့ရပြီး ကချင်ပြည်နယ်ဘက် ကုန်စျေးတက်တာ၊ မကြာခန ကုန်စည်ပြတ်လပ်တာတွေလည်းကြုံတွေ့ခဲ့ရပါတယ်။

လက်ရှိမှာတော့ အင်းတော်မြို့ကိုတော်လှန်ရေးတပ်ပေါင်းစုတွေက ဧပြီလ ၇ရက်နေ့မှာအပြီးသတ်သိမ်ပိုက်ခဲ့ပြီး ပိတ်ထားတဲ့ဗျူဟာကားလမ်းပိုင်းကိုဖွင့်ပေးခဲ့ပေမယ့် ကန့်ဘလူနယ်ကနေစစ်တပ်ကပြန်ပိတ်ထားတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button