တိုက်ပွဲသတင်း

လုံးခင်းရဲစခန်းတိုက်ခိုက်ခံရပြီး အရပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာရှိတဲ့ လုံးခင်းရဲစခန်း တိုက်ခိုက်ခံရပြီး အရပ်သားနှစ်ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

လုံးခင်းကျေးရွာ ငြိမ်းချမ်းသာယာရပ်ကွက်မှာရှိတဲ့ ရဲစခန်းကို ကချင်လွတ်လပ် ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေက မေလ ၂‌‌၆ ရက်နေ့မနက် ၃ နာရီတိတိမှာဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

“KIAဘက်က ဝင်တိုက်တာဗျ မနက် ၃ နာရီကစဝင်ပစ်တာ နာရီဝက်တော့ကြာတယ်။ ပြန်ဆုတ်သွားတယ် ပစ်ပြီးရဲစခန်းထဲမှာထိခိုက်မှုရှိမရှိတော့မသိရသေးဘူး အရပ်သားနှစ်ယောက်တော့ထိတယ်လို့ ဖားကန့် PDF တပ်ဖွဲ့နဲ့နီးစပ်တဲ့အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။

နာရီဝက်တိတိကြာမြင့်တဲ့နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုအတွင်း ငြိမ်းချမ်းသာယာရပ်ကွက်ထဲက အသက် (၄၀) ကျင်အမျိုးသားတစ်ဦးနဲ့ အသက် ၄ နှစ်အရွယ်ခန့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင့်အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။

ငြိမ်းချမ်းသာယာ အဲ့ရဲစခန်းနားကပဲ သားအဖနှစ်ယောက်ဟုတ်တယ် အဖေကလက်နဲ့ကျောဘက်တွေထိတာ ကလေးကတော့ ခေါင်းမှာမှန်သွားတယ်သေတော့မသေဘူးလို့သူကပြောပါတယ်။

လက်နက်ကြီးလက်နက်ငယ်တွေနဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်ခဲ့သလို လူနေအိမ်ထိခိုက်ပျက်စီးတာတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။

အခုလို မနက်သုံးနာရီအချိန်မှာ နှစ်ဖက်ပစ်ခတ်သံတွေကြောင့် လုံးခင်းကျေးရွာနေပြည်သူတစ်ချို့ စိုးရိမ်ထိတ်လန့်ကာ ဘုန်းကြီးကျောင်း၊ဘုရားကျောင်းတွေထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ကစလို့ ဖားကန့်မြို့နယ်ထဲက မိုးကောင်းကာမိုင်းဖားကန့်ကားလမ်းအတိုင်း အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေတာဖြစ်ပြီး မနေ့မွန်းလွဲပိုင်းအထိတော့ လုံးခင်းနဲ့ ၆ မိုင်လောက်အကွာရောက်နေပြီး နှစ်ဖက်တိုက်ပွဲတွေလည်းပြင်းထန်နေတယ်လို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button