KIA နဲ့ TNLA တွေ့ဆုံဖို့ အခြေခံ အချက် ၂ ချက် ရရှိထားပြီး အချိန်ညှိနှိုင်းနေဆဲ

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့နှစ်ဖွဲ့အကြား ဆွေးနွေးပွဲအတွက် အခြေခံအားဖြင့် ခေါင်းစဥ်နှစ်ခုအထိ ရရှိထားပြီး ဆွေးနွေးပွဲအမြန်ဆုံး ဖြစ်မြောက်ဖို့အတွက် တွန်းအားပေး လုပ်ဆောင်နေတယ်လို့ TNLA က ပြောပါတယ်။
မေလ ၂၈ ရက်နေ့ မီဒီယာတွေ နဲ့ တွေ့ဆုံမှုအစီစဉ်တစ်ခုမှာ PSLF/TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး တားပန်လ က KNG ကို ပြောဆိုခဲ့တာဖြစ်ပါတယ်။
“လောလောဆယ် ဖြစ်ပွားနေတဲ့ မြေပြင် ပြဿနာတွေ ဆက်လက်မဖြစ်ပွားအောင် ဆက်လက်ပြီးမှ မကြီးထွားအောင် ဘယ်လိုမျိုး ညှိနှိုင်းကြမလဲ ဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်မလဲဆိုတာမျိုးကို ဆွေးနွေးရမှာဖြစ်သလို အနာဂတ်မှာဆိုရင် တစ်နိုင်ငံလုံးလွတ်မြောက်အောင် နှစ်ဖက်ဒေသမှာရှိတဲ့ လူထုရော နယ်မြေတွေရောလွတ်မြောက်လာအောင် တစ်နိုင်ငံလုံး လူထုတွေလွတ်မြောက်အောင် ကျနော်တို့ မဟာမိတ်နှစ်ဖွဲ့အနေနဲ့ ဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်ရမလဲ အမြန်ဆုံးအာဏာရှင် စနစ်က လွတ်မြောက်အောင် ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကို ဦးတည်ထားပြီး ဆွေးနွေးကြရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
လက်ရှိမြေပြင်မှာ ဖြစ်ပွားနေတဲ့ ပဠိပက္ခတွေ ဆက်လက်မကြီးပွားလာစေဖို့ နဲ့ နှစ်ဖက်ဒေသက လူထုတွေ လွတ်မြောက်ရေးအတွ့် ဘယ်လို အတူတကွ လုပ်ဆောင်သွားမလဲ ဆိုတဲ့ အချက်ကို ဆွေးနွေးဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား ရှမ်းမြောက်ဒေသမှာ နယ်မြေကိစ္စ အငြင်းပွားမှု နဲ့ ပဋိပက္ခတစ်ချို့ရှိနေတာဖြစ်ပါတယ်။
အခုလို နှစ်ဖက်တပ်ဖွဲ့တွေအကြား ဖြစ်ပွားလာရတဲ့ ပဋိပက္ခတွေဟာ အာဏာသိမ်းမှု အဆက်ဆက်ကြောင့် နိုင်ငံရေးယဥ်ကျေးမှု ပျက်သုန်းလာခြင်းကြောင့် ဖြစ်လာရတဲ့ ပြဿနာတစ်ခုဖြစ်တယ်လို့ ဗိုလ်မှူးကြီး တားပန်လ က ဆိုပါတယ်။
“ကိုယ့်စစ်ရေးအပူနဲ့ ကိုယ်ဖြစ်နေတော့ သတ်မှတ်ထားတဲ့ ဆောင်ရွက်ရမယ့်ဆွေးနွေးပွဲတွေ တစ်နှစ်တစ်ကြိမ်ဗဟိုအဆင့် ဆွေးနွေးပွဲတွေလုပ်ကြမယ်လို့ နားလည်ထားပေမဲ့ မလုပ်ဖြစ်ကြဘူး။ ဒါ့ကြောင့် ဒီလိုမျိုးပြဿနာ အဖုအထစ်လေးတွေ ဖြစ်လာရတယ်လို့ပဲ နားလည်ပါတယ်။ နောက်တစ်ခုကတော့ ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးယဥ်ကျေးမှုက တော်တော်လေး ပျက်သုန်းလာနေတဲ့အတွက် နိုင်ငံရေးယဥ်ကျေးမှုနဲ့အတူ အပြန်အလှန်အသိအမှတ်ပြုမှုတစ်ချို့တွေက ဗဟိုအဆင့်ဟုတ် ချင်မှဟုတ်လိမ့်မယ် မြေပြင်အဆင့်မှာကအားနည်းမှုတွေရှိတော့ မဖြစ်သင့်တာတွေဖြစ်သွားတာမျိုးတွေရှိတယ်။” လို့ ပြောပါတယ်။
တစ်ဖက်မှာ နှစ်ဖက်တပ်တွေ ဆွေးနွေးရေးအတွက် ရှေ့ပြေးညှိနှိုင်းနေမှု စတင်နေပြီလို့ ကချင်လွတ်လပ်ရေးကောင်စီ KIC ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က သူ့ရဲ့ Facebook စာမျက်နှာက တစ်ဆင့် ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့မှာ ရေးသားခဲ့ပြီး ရှမ်းမြောက်ဒေသခံတွေအနေနဲ့လည်း ကူညီပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
တပ်ဖွဲ့နှစ်ဖွဲ့အကြား ၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ နယ်မြေတွေနဲ့ ပတ်သက်လို့ မကြာခဏ အငြင်းပွားရာကနေ ပဋိပက္ခတွေ ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။
တအာင်းတပ်မတော် TNLA ဟာ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ပူးပေါင်းစစ်ဆင်ရေးဖြစ်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက် ပိုင်းက မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ သီပေါ၊ ကွတ်ခိုင် စတဲ့မြို့တွေအပါ မန္တလေးတိုင်းက မိုးကုတ်မြို့တို့ကို သိမ်းပိုက်ထားပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ကတော့ ကွတ်ခိုင်မြို့နယ်အတွင်းက နမ့်ဖတ်ကာဒေသ၊ မဘိမ်းမြို့နဲ့ မိုးမိတ်မြို့တို့ကို သိမ်းပိုက်ခဲ့ပေမဲ့ မိုးမိတ်မြို့ကို TNLA ကို ပြန်လွှဲပေးခဲ့သလို ရှမ်းမြောက်က မန်တုံ၊ နမ္မတူအပါအဝင် ဒေသတစ်ချို့တွင် စစ်ရေးလှုပ်ရှားနေပြီး တပ်မဟာ ၃ ခု အခြေစိုက်ထားတာ ဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့နှစ်ဖွဲ့ဟာ ထာဝရ မဟာမိတ် စာချုပ်ချုပ်ဆိုထားကြတဲ့ အဖွဲ့အစည်းတွေဖြစ်သလို ၂၀၁၇ ခုနှစ်မှာ ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေး ညှိနှိုင်းရေး ကော်မတီ FPNCC မှာလည်း အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။
ပလောင်အမျိုးသားတပ်ဦး PNF ကို ၁၉၆၃ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီးနောက် ၁၉၇၆ ခုနှစ်မှာ PSLA ဆိုပြီး တိုးချဲ့ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီအဖွဲ့ဟာ ၁၉၉၁ ခုနှစ်တွင် နဝတ အစိုးရနဲ့ အပစ်ရပ်လိုက်ပြီးနောက် ၁၉၉၂ ခုနှစ်မှာ လက်ရှိ Palaung State Liberation Front PSLF ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၀၉ ခုနှစ်တွင် TNLA လက်နက်ကိုင်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA အကူညီဖြင့် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ၁၉၆၀ ခုနှစ်အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့ပြီးနောက် KIA ကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့ပါတယ်။
KIO နဲ့ PSLO ကြား ထာဝရမဟာမိတ် စာချုပ်ကို ၁၉၇၆ တွင် ချုပ်ဆိုခဲ့တာဖြစ်ပြီး PSLO လက်နက်ချပြီးနောက် အသစ်ဖွဲ့စည်းလာတဲ့ PSLF အဖွဲ့နဲ့ KIO တို့ကြား ယခင် ထာဝရမဟာမိတ်သဘာတူညီချက်ကို ဆက်လက် ထိန်သိမ်းဖို့ ၂၀၂၃ ခုနှစ် မေလ ၁၆–၁၇ ရက်မှာ ထပ်မံ တွေ့ဆုံ ခဲ့ကြပါတယ်။
By – အမိုး