ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်းသတင်း

လုံးခင်း ကျေးရွာတိုက်ပွဲအတွင်း အရပ်သား သေဆုံးဒဏ်ရာရရှိမှု များပြား

ဖားကန့် လုံးခင်းကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရမှုမှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ အရပ်သားတချို့ ထိခိုက် သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

မေလ ၂၈ ရက်နေ့ မနေ့က မနက်ပိုင်း လုံးခင်းကျေးရွာ ရိန်းဘိုးမိုဘိုင်း ဆိုင်ရှေ့ ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သလို ကျေးရွာအတွင်း အပြန်အလှန်တိုက်ပွဲမှာ စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းထားတဲ့ အရပ်သား ၂၀ ခန့်ထဲက ၇ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

စစ်ကောင်စီတပ်တွေ ပေါ်တာဆွဲ လူသားဒိုင်းလုပ်ခံရတဲ့အတွက် လက်နက်ထိပြီး ပြည်သူ ၇ ဦး ထိသွားတယ်။ အဲ့ဒီ ၇ ယောက်ထဲက တစ်ယောက်က ပြန်ဆုံးသွားပြီ။ အခုက ဖားကန့် ဆေးရုံမှာ ဆေးကုသခံယူနေရတယ်။ ပြီးရင်း မနေ့က စစ်ကြောင်းဝင်လာတဲ့အခါမှာ ရိတ်းဘိုးဖုန်းဆိုင်ရှေ့မှာ ပြည်သူတစ်ဦးကိုလည်း ပစ်သတ်သွားတယ် လို့ ပြောပါတယ်။

ဖာကန့်ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ မနေ့က ပြည်သူတစ်ဦး ပစ်သတ်ခံရသလို ဒီကနေ့ မနက်ပိုင်းမှာလည်း တိုက်အဆောက်အဦးပေါ်မှာ နေရာယူထားပြီး ဆနိုက်ဘာတွေနဲ့ ပစ်သတ်ခံရတဲ့ ပြည်သူတွေလည်းရှိတယ်လို့ သိရပါတယ်။

လုံးခင်းကျေးရွာထဲ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ ၂၀ ဦးခန့်ရှိတဲ့ အနက် ၇ ဦးထိခိုက်ဒဏ်ရရှိခဲ့ပြီး ကျန်ရှိတဲ့သူတွေကို ညနေပိုင်းမှာ ပြန်လည်လွတ်ပေးလိုက်တယ်လို့လည်း သိရပေမယ့် အသေးစိတ် အတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ဒီကနေ့ မေလ ၂၉ ရက်နေ့မှာလည်း လုံးခင်းကျေးရွာထဲကနေ စစ်ကြောင်းထွက်ခွာလာတဲ့ အချိန် အရပ်သားပြည်သူတွေကို လူသားဒိုင်းအသုံးပြုပြီး စစ်ကြောင်းရှေ့ကနေ သွားခိုင်းနေတယ်လို့လည်း သိရပါတယ်။

ဒီကနေ့ လုံးခင်းထဲကနေ ပြန်လည်ထွက်ခွာတဲ့ စစ်ကြောင်းထဲမှာ အရပ်သားပြည်သူတွေကို ဘယ်လောက်ထိ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့ သတင်းအချက်အလက်ရရှိဖို့ ခက်ခဲနေသေးတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်လောက်မှာ ဖားကန့် တပ်မကုန်းဘက်ကို စစ်ကြောင်းထွက်ခွာဖို့ ခြိမ်းခြောက်ပြောဆိုပြီးနောက် အရပ်သားပြည်သူတွေကို လူသားဒိုင်းအသုံးပြုပြီး စစ်ကြောင်းပြန်လည် ထွက်ခွာနေပြီလို့လည်း ဖားကန့် ဒေသခံပြည်သူတွေ ပြောပါတယ်။

ဒါကြောင့် စစ်ကြောင်းဝင်ရောက်နေပြီဖြစ်တဲ့ လယ်ပြင်၊ လုံးခင်း နဲ့ စစ်ကြောင်းဝင်ရောက်လာနိုင်တဲ့ ကျေးရွာနေ ပြည်သူတွေက စိုးရိမ်ထိတ်လန့် ကြောက်လန့်မှုတွေဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလို အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ်  ရိုင်းပြင်းနှိပ်စက်တဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာတရားဥပဒေနဲ့ မညီညွတ်ဘဲ မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်တာတွေ လုပ်ဆောင်နေတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောတာဖြစ်ပါတယ်။

လက်ရှိ ဖားကန့်မြို့နယ်ထဲမှာ စစ်ကြောင်းတွေဝင်ရောက်နေပြီဖြစ်တဲ့အတွက် ဖားကန့် ပြည်သူလူထုတွေအနေနဲ့ အထူးဂရုစိုက်နေထိုင်ဖို့  ဗိုလ်မှူးကြီးနော်ဘူက တိုက်တွန်းပါတယ်။

စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ နောက်ပိုင်း ကားမိုင်းလမ်းဘက်ကနေ တက်လာတဲ့အချိန် မေလ ၂၃ ရက်ခန့်မှာ ဆိုင်းဖရာကျေးရွာထဲ တပ်စွဲနေထိုင်ခဲ့တဲ့ ဘုရားကျောင်းဝင်းထဲမှာ လက်နက်ကြီးတစ်လုံး ကျကျန်ခဲ့တဲ့အတွက် ၁၀ နှစ်ကျော် ကလေးငယ် နှစ်ဦး ကောက်ကိုင် ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပြီး အသက်သေဆုံးမှုလည်းရှိခဲ့ပါသေးတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button