သတင်း

အိမ်ခြေ ၁၄ အိမ်ရှိတဲ့ တလာထုကျေးရွာ လူနေအိမ် ၁၀ လုံး ရေထဲမျောပါသွား

ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်ထဲက တလာထုကျေးရွာတစ်ရွာလုံးနီးပါး ရေထဲမျောပါသွားတယ်လို့ သိရပါတယ်။

နောင်မွန်းမြို့နယ်မှာ ပြီးခဲ့တဲ့အပတ်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မေခချောင်းရေ မြင့်တက်ခဲ့မှုကြောင့် တလောထုကျေးရွာ ထဲက အိမ်ခြေ ၁၀ ခု ရေထဲမျောပါသွားပြီး လေးအိမ်သာကျန်ခဲ့တယ်လို့ နောင်မွန်းမြို့ခံအမျိုးသမီး တစ်ဦးက KNG ကို ပြောပါတယ်။

စာရင်းအတိအကျက အိမ်ခြေ ၁၄ အိမ်ရှိတာ ၄အိမ်ပဲကျန်တယ် ဆယ်အိမ်ကတော့ရေနဲ့ပါသွားတယ်။ မိုးကအဆက်မပြတ် ရွာတော့ မေခ ချောင်းကရေတအားကြီးတာလေး လူဦးရေကအခုလောလောဆယ် ၇၀ ကျော်ရှိတယ် တချို့ခရီးလွန်နေတဲ့သူလည်း ရှိတယ်”လို့ အသက် ၄၃ နှစ်အရွယ် အထက်ဖော်ပြပါအမျိုးသမီးကပြောပါတယ်။

တလာထုကျေးရွာဟာ နောင်မွန်မြို့အရှေ့ဘက်တွင်တည်ရှိပြီး မြို့နဲ့ ဆိုင်ကယ်ဖြင့် လေးရက်ကြာသွားရတယ်လို့ သိရပါတယ်။

မေခ မြစ်ရေကြီးမှုကြောင့် လူနေအိမ်၊ သိုလှောင်ထားတဲ့ဆန်၊ စပါး၊ အိမ်မွေးတိရိစ္ဆာရန်တွေအားလုံး မျောပါသွားပြီး လက်ရှိ အရေးပေါ် အကူအညီတွေ လိုအပ်နေကြောင်း သူက ဆက်ပြောပါတယ်။

“ဘာဆိုဘာမှမရဘူး အားလုံးရေထဲမျောသွားတာ စားစရာ၊ ဝတ်စရာတောင် မကျန်ဘူးတဲ့အဲ့ကြောင့် အရမ်းခက်ခဲကြလို့ ဒီနေ့တော့ မြို့ပေါ (နောင်မွန်း မြို့)က အသင်းတော်ဆရာတွေစုပြီးတတ်နိုင်သလောက်သွားကူညီဖို့ရှိတယ်”လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ ရေဘေးသင့်သွားတဲ့ တလာထုကျေးရွာဟာ၂၀၂၂ ခုနှစ် မတ်လ  ၄ ရက်နေ့တုန်းကလည်း တစ်ရာလုံး မီးလောင်ပြာကျခဲ့တဲ့ ကျေးရွာ ဖြစ်ပါတယ်။

“အဲ့ရွာက မနှစ်ကလည်း တစ်ရွာလုံး မီးလောင်ပြီးပြီ ဒီနှစ်လည်း တရွာလုံး ရေမျောသွားပြီလေး ပြန်လည်ထူ ထောင်ရေးလုပ်ထားတဲ့ရွာ ဟုတ်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တလောထုကျေးရွာမှာ ရဝမ်လူမျိုးတွေ အဓိကနေထိုင်ကြပြီး မီးဘေး၊ ရေဘေးတွေ မကြာခနကြုံနေရပေမယ့် ဘိုးဘွားနေထိုင်ခဲ့တဲ့ ကျေးရွာဖြစ်နေတာကြောင့် မစွန့်လွတ်နိုင်တဲ့အတွက်ဆက်ပြီး နေနေကြတာလို့ သိရပါတယ်။

“ဒီနောင်မွန်းကိုပြောင်းလာဖို့ခနခနခေါ်တယ်။ မပြောင်းလာကြဘူး ဘိုးဘွားတွေထားခဲ့တဲ့ ရွာဆိုတော့ မခွဲနိုင်ကြတာရယ် နောက်ပြီး လယ်ယာတွေလည်းရှိတော့ မထားခဲ့နိုင်လို့ နေနေကြတာ”လို့ နောင်မွန်ဒေသခံတစ်ဦးက ပြောပါတယ်။

နောင်မွန်းမြို့နယ်မှာ မေခချောင်း ရေမြင့်တက်မှုနဲ့ တောင်ကျချောင်းရေတွေ  ရေကြီးမှုကြောင့် လမ်းပြိုတာ၊ တံတားကြီး တံတားငယ်တွေ ကျိုးကျပျက်စီးမှုအများအပြား ဖြစ်ပေါ်နေပြီး အသွားအလာပြတ်တောက်မှု ရှိနေတယ်လို့ သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button