စစ်ပြေးဒုက္ခသည်များသတင်း

မိုးရာသီဝင်ရောက်လာသည်နှင့် စစ်ရှောင်များ ရာသီတုပ်ကွေးနဲ့ ဖျားနားမှု ကြုံတွေ့နေရ

ကချင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် တောတွင်းတဲများဖြင့် စစ်ဘေးရှောင်နေကြရသော ပြည်သူများသည် မိုးရာသီစတင် ဝင်ရောက်လာသည်နှင့်အတူ ရာသီတုပ်ကွေးနှင့် အခြားကူးစက်ရောဂါများ ဖြစ်ပွားနေပြီး အမိုးအကာ ပြဿနာများ ကြုံတွေ့နေရကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်နှင့် ပူတာအိုမြို့နယ်ကြားရှိ တောတွင်းတစ်နေရာတွင် စစ်ဘေးရှောင်နေကြရသော ဆွမ်ပီယန်ပြည်သူများသည် တောတွင်းတဲထိုးပြီး ထွက်ပြေးခိုလှုံနေတာ တစ်နှစ်ကျော်ကြာလာပြီဖြစ်ပြီး လက်ရှိမိုးရာသီစတင်ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ဖျားနာသူများ များပြားနေကြောင်း ဆွမ်ပီယန်စစ်ဘေးရှောင်ပြည်သူများထံမှ သိရသည်။

အခုမိုးများ ဆက်တိုက်ရွာနေပြီး တချို့တဲများတွင် မိုးကာမိုးယိုမှုများ ဖြစ်နေသည်။ လေတိုက်ရင်လည်း မိုးကာများ လှန်သွားမည်ကို စိုးရိမ်နေကြရသည်။ အခုမိုးရာသီဝင်ပြီဆိုတော့ ဖျားနာခြင်း၊ ရာသီတုပ်ကွေးနှင့် ဝမ်းလျှော်၊ ဝမ်းပျက်ခြင်းများ ဖြစ်နေကြသည်။ စစ်ရှောင်ကာလ ကြာရှည်လာပြီဆိုတော့ အခက်အခဲများသည် ပြောရန်မကုန်အောင် များပြားသည်။ လူဦးရေများ၊ ကလေးများများဆိုတော့ နေထိုင်သည့်နေရာလည်း အဆင်မပြေ၊ သောက်သုံးရေခက်ခဲ၊ ရာသီအပြောင်းအလဲကြောင့် ဖျားနာခြင်းများလည်း များစွာရှိနေပါသည်ဟု ဆွမ်ပီယန်စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောကြားသည်။

ဤစစ်ရှောင်များသည် ၂၀၂၄ ခုနှစ် မေလဆန်းပိုင်းကစ၍ ကျေးရွာတွင် စစ်ကောင်စီစစ်ကြောင်းများ ဝင်ရောက်လာပြီး KIA နှင့် တိုက်ပွဲဖြစ်ပွားလာသောကြောင့် တောတွင်းသို့ စစ်ဘေးရှောင်ခဲ့ကြရခြင်းဖြစ်သည်။

လက်ရှိအခါ ဆွမ်ပီယန်ဒေသခံ အိမ်ခြေ ၂၅၀၊ လူဦးရေ ၁၀၀၀ ကျော်တို့သည် ဆွမ်ပရာဘွမ်မြို့အထက် တောတွင်းတစ်နေရာတွင် မိုးကာတဲများဖြင့် စစ်ရှောင်နေကြရဆဲဖြစ်ပြီး၊ ဆွမ်ပီယန်ကျေးရွာတွင်တော့ စစ်ကောင်စီတပ်များ တပ်စွဲထားသောကြောင့် ဒေသခံများသည် နေရပ်မပြန်နိုင်ကြသေးကြောင်း သိရသည်။

စစ်တပ်သည် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေကြရသော ပြည်သူများ၏ နေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းဥစ္စာများအားလုံး ရယူခဲ့ရုံသာမက၊ ရိက္ခာလိုအပ်ချက်များကြောင့် နေအိမ်သို့ ယာယီပြန်လာကြည့်သော ဒေသခံများကိုလည်း ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် တစ်နှစ်ကျော်ကြာလာသော်လည်း ဆွမ်ပီယန်ဒေသခံပြည်သူများသည် စစ်တပ်တပ်စွဲနေသော ၎င်းတို့ရွာကို လုံးဝပြန်လာကြည့်၍ မရသည့်အခြေအနေတွင် ရှိနေကြောင်း သိရသည်။

တောတွင်းတွင် စစ်ရှောင်နေကြရသော ပြည်သူများသည် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်အများအပြားမှာ ဖျားနာနေကြပြီး သောက်သုံးရေအခက်အခဲအပြင် နေရာထိုင်ခင်းအခက်အခဲစသည့် ဒုက္ခများကို ရင်ဆိုင်နေကြရကြောင်း သိရသည်။

ဆွမ်ပရာဘွမ်ပူတာအိုလမ်းမကြီးဘေး တောတွင်းရှိ ဆွမ်ပီယန်စစ်ဘေးရှောင်ပြည်သူများကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) သည် ပညာရေး၊ ကျန်းမာရေးနှင့် ဆန်ရိက္ခာများကို လက်လှမ်းမီသလောက် ကူညီထောက်ပံ့ပေးနေသကဲ့သို့ အသင်းတော်အဖွဲ့အစည်းများနှင့် ကချင် Backpack ဆေးဝါးကုသရေးအဖွဲ့ကလည်း လာရောက်ကူညီမှုများရှိကြောင်း သိရသည်။

တစ်ဖက်တွင်လည်း လီဒိုလမ်းမကြီးနှင့် ဖားကန့်လမ်းတိုက်ပွဲကြောင့် လဝါး၊ ဝါရာဇွပ်၊ ဆိုင်းဖရာစသည့် ကျေးရွာများမှ ပြည်သူ ၁၀၀၀ ကျော်လည်း တောတွင်းသို့ တိမ်းရှောင်နေကြရသူများရှိသကဲ့သို့ တချို့ကတော့ နမ္မတီး၊ နောင်းမီစသည့် မြို့ရွာများသို့ သွားရောက်ခိုလှုံနေကြရကြောင်း သိရသည်။

တောတွင်းတွင် စစ်ရှောင်နေကြရသော ဝါရာဇွပ်ကျေးရွာဒေသခံများတွင် အစားအသောက်ရိက္ခာအခက်အခဲအပြင် ကလေးများ ကျောင်းတက်ရမည့်အချိန်ဖြစ်သောကြောင့် တောတွင်းတွင် အဆင်မပြေသည့်အတွက် အိမ်ခြေ ၁၈ အိမ်လောက်က မေလဆန်းပိုင်းတွင် နောင်းမီကျေးရွာသို့ ဝင်ရောက်ခိုလှုံလာကြကြောင်း သိရသည်။

ထို့နောက် တောတွင်းတွင် စစ်ရှောင်နေသော ဆိုင်းဖရာရွာခံ အိမ်ခြေ ၂၁၊ လူဦးရေ ၇၈ ယောက်နှင့် ဝါရာဇွပ်ဒေသခံ စစ်ဘေးရှောင်များ အိမ်ခြေ ၂၁၊ လူဦးရေ ၈၇ ယောက် စုစုပေါင်း စစ်ဘေးရှောင် ၁၆၀ ကျော်တို့သည် မေလကုန်ပိုင်းတွင် နောင်းမီရွာသို့ ထပ်မံခိုလှုံလာခဲ့ကြကြောင်း သိရသည်။

ဖျားနာမှုများလည်း များလာတော့ တောတွင်းတွင် မနေရဲလာသူများ များပြားသည်။ ကြာရှည်ဆိုတော့ မည်သို့မျှ အဆင်မပြေတော့ပါ။ မခံနိုင်တော့ပါဟူသော စိုးရိမ်စိတ်များဖြင့် တချို့က နောင်းမီသို့ ထွက်လာကြသည်။ အများစုကတော့ တောတွင်းတွင် ရှိနေကြသေးသည်။ သူတို့အတွက် ရိက္ခာများလာယူနိုင်ရန်လည်း ခက်ခဲသည်။ မိုးကောင်းချောင်း ဖြတ်ရသောကြောင့် အခုမိုးရွာတော့ မိုးကောင်းချောင်းလည်း ရေအတော်တက်နေပြီ။ ရေကြီးသောကြောင့် လမ်းသွားလမ်းလာ ခက်ခဲတော့ တောတွင်းတွင် သူတို့ပိုခက်ခဲကြမည်ဖြစ်သည်။ တချို့ကတော့ ထိုအရာများကို တွေးပြီး ထွက်လာကြခြင်းရှိသည် ဟု နောင်းမီဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိအခါ ကချင်ပြည်နယ်အတွင်း တိုက်ပွဲကြောင့် စစ်ရှောင်နေကြရသော ဒေသများတွင် ဗန်းမော်မြို့၊ မိုးမောက်မြို့နှင့် မံစီမြို့များအပါအဝင် ဝိုင်းမော်မြို့တွင်း၊ ပူတာအိုလမ်းပိုင်းနှင့် ဖားကန့်လမ်းပိုင်း ပြည်သူများ အများအပြားဖြစ်ကြောင်း သိရသည်။

ဤစစ်ဘေးရှောင်ပြည်သူများသည် ရုတ်တရက်ထွက်ပြေးတိမ်းရှောင်လာကြရသူများဖြစ်သောကြောင့် ၎င်းတို့အတွက် ကာလကြာရှည်လာသည်နှင့်အမျှ အစားအသောက်အခက်အခဲနှင့် ဒုက္ခမျိုးစုံ ကြုံတွေ့လာကြရကြောင်း သိရသည်။

လက်ရှိ မိုးရာသီ ရေကြီးရေလျှံမှုများကြောင့် စစ်ဘေးရှောင်ပြည်သူများသည် တစ်ပူပေါ်နှစ်ပူဆင့် ရေဘေးဒုက္ခလည်း ထပ်မံကြုံတွေ့နေရသော စစ်ဘေးရှောင်စခန်းများလည်း များစွာရှိနေကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပိတ်ပင်ခံထားရသောကြောင့် တိုက်ပွဲကြားထွက်ပြေးနေရကြသော ပြည်သူများ၏ သတင်းအချက်အလက်များ ရယူနိုင်ရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်ခံထားရသော ပြည်သူများ၏ အခြေအနေများကို သိရှိနိုင်ရန် အခက်အခဲစိန်ခေါ်မှုများစွာရှိနေကြောင်း သိရသည်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button