တိုက်ပွဲသတင်း

ဖားကန့်မှာ စစ်ကြောင်းမှူး ကျသွားတယ်လို့ သတင်းထွက်ပေါ်ပြီးနောက် နှစ်ဖက်တပ် စစ်ရေးပိုတင်းမာလာ

ဖားကန့်မြို့နယ်ထဲမှာ မှော်လှည့်ပြီး ကုမ္မဏီဝင်းနေရာတွေ လိုက်လံမီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက စစ်ကြောင်းမှူးတိုက်ပွဲတွင်းကျသွားပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာတဲ့နောက် စစ်ရေးပိုမိုတင်းမာလာနေတယ်လို့ KIA နဲ့နီးစပ်တဲ့ ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။

ဇွန်လ ၁ ရက်နေ့ကစပြီး မှော်ဆီစာ ဘုရားကျောင်းကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA ပူးပေါင်းတပ်တွေ ဇွန်လ ၁၇ ရက်နေ့ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး ဖြိုးဇော်ထက် အပါအဝင် တပ်ဖွဲ့ဝင် ၂၀ ဦးခန့်ကျသွားတယ်လို့ သတင်းထွက်ပေါ် နေတာဖြစ်ပါတယ်။

ဒီနေ့ ဇွန်လ ၁၈ ရက်နေ့ မှာတော့ မှော်ဆီစာနဲ့ ကုဋေမှော်ဘက်ခြမ်းတွေမှာ နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာမှု အရှိန်ပိုမြင့်တက်လာနေတယ်လို့ KIA နဲ့နီးစပ်တဲ့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦး KNG ကိုပြောပါတယ်။

အဲဒီစစ်ကြောင်းက စဝင်လာတဲ့နေ့ကတည်းကနေ မှော်လှည့်ငွေတောင်း၊မီးရှို့၊မထင်ရင် မထင်သလိုအရပ်သားတွေကို လူသားဒိုင်းဖမ်းဆီးနေတဲ့စစ်ကြောင်းဟုတ်တယ်။ အဲဒါ မနေ့က KIA ပူးပေါင်းတပ်တွေက အဲဒီဘုရားကုန်းအထိ တက်ပစ်ကြတော့ စစ်ကြောင်းမှုးနဲ့ အယောက် ၂၀ လောက်ကျတယ်လို့ သတင်းရထားပါတယ်။ သူတို့ဘက်ကလည်းစစ် ကြောင်းမှူးကျ သွားတော့ ပြန်စော်မယ့်အခြေနေရှိနေတယ်လို့ပြောပါတယ်။

မှော်စီဇာဘုရားကျောင်းကုန်းမှာခြေကုပ် တပ်စွဲနေရာယူပြီး တပ်ဖြန့်လှုပ်ရှားနေတဲ့ အဲဒီစစ်ကြောင်းဟာ အင်အား ၃၀၀ ခန့်ရှိတယ်လို့သိရပြီး မနေ့ကပစ်ခံရပြီး စစ်ကြောင်းမှူးကျသွားပြီလို့ပြောဆိုနေကြပေမယ့် KNG အနေနဲ့သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။ 

နောက်ဆုံးသိရှိထားတဲ့အချက်လက်အရ ဇွန်လ ၁၈ ရက်နေ့ ဒီနေ့ နေ့လည် ၁၂ နာရီဝန်းကျင်အထိ မှော်စီဇာဘက်ခြမ်း စစ်ကောင်စီပူးပေါင်းတပ်က အင်အားဖြည့်တင်းနေသလို ကုဋေမှော်ဘက်မှာက  KIA ပူးပေါင်းတပ်တွေ အင်အားဖြည့်တင်းထားပြီး တိုက်ပွဲပြင်းထန်လာနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

ခုက ဘယ်ချိန်တိုက်ပွဲဖြစ်မလဲ အဲဒီစိတ်ကြီးနဲ့ပဲရှင်သန်နေကြတာ ဖားကန့်ကပြည်သူတွေက ခုလည်းဘယ်ချိန်ထဖြစ်မလဲပဲ စောင့်ကြည့်နေကြတဲ့အခြေနေရှိနေတယ်။ ကုဋေမှော် နဲ့ မှော်စီဇာကပြည်သူတွေကတော့ ပြေးကုန် ကြပြီလို့နောက်ထပ်ဖားကန့်မြို့ခံအမျိုးသားတစ်ဦးပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ နောက်ပိုင်း ဖားကန့် လုံးခင်းကျေးရွာအုပ်စုထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေကို စစ်ရေးလှုပ်ရှားသွားလာနေတဲ့ နှစ်ပတ်ကျော်အတွင်းမှာ ထိတွေ့တိုက်ပွဲတွေ အနည်းအကျဉ်းသာရှိပေမယ့် ဇွန်လ ၁၅ ရက်ကနေ ဒီကနေ့ အထိ နှစ်ဖက်တပ် ပစ်ခတ်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

လုံးခင်းကျေးရွာအုပ်စုထဲမှာ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်ကြောင်းတစ်ချို့က ဖားကန့် ကျေးရွာ အုပ်စု မှော်ဝမ်းသေး၊ မှော်ဝမ်းကြီး ကျေးရွာဘက်ကို ဇွန်လ ၁၅ ရက်နေ့ စစ်ကြောင်းထွက်ခွာသွားပြီး မှော်ဝမ်းသေးကျေးရွာထဲမှာ တပ်စွဲနေထိုင်ထားကြတာဖြစ်ပါတယ်။

မနေ့က ဇွန်လ ၁၈ ရက်နေ့မှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပါ ထိခိုက်သေဆုံးမှု ၂၀ ဦးခန့်အထိ သေဆုံးမှုရှိခဲ့တာကြောင့် မှော်ဆီစာနဲ့ ကုဋေမှော်ဘက်မှာ နှစ်ဖက်တပ် စစ်ရေးပြန်လည် တင်းမာလာတဲ့အခြေနေမှာ ရှိနေတာဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button