လုံးခင်းသင်္ချိုင်းမြေမှာ အကွက် ရိုက်နေရာချတဲ့ကိစ္စ ဖားကန့်တွေပြည်သူတွေကန့်ကွက်

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှာရှိတဲ့ အများပိုင်သင်္ချိုင်းမြေနေရာပေါ်မှာ အာဏာရရှိထားတဲ့သူတွေက မြေနေရာတူးပြီး အကွက်ရိုက်နေရာချပေးဖို့ ပြင်ဆင်နေတဲ့အတွက် ဖားကန့်ပြည်သူတွေကန့်ကွက်နေကြပါတယ်။
လုံးခင်းကျေးရွာထဲမှာ ဘာသာပေါင်းစုံရဲ့လုံးခင်းသင်္ချိုင်းကုန်းအောက်ဘက်ခြမ်းနေရာကို ဖဲ့ယူပြီးမြေတူးဆွလိုက်တဲ့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ မြှုပ်နှံထားတဲ့ ရုပ်အလောင်းတွေ ထွက်ပေါ်ထွက်လာတဲ့ဓါတ်ပုံဟာ လူမူကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။
လက်ရှိ အဲဒီသင်္ချိုင်းမြေနေရာမှာ မြေကွက်ရိုက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို အခုလိုပြောပါတယ်။
“မြေကွက်ရိုက်နေတယ်ဆိုတဲ့ ကိစ္စက သင်္ချိုင်းမြေနေရာရဲ့ အောက်ဘက်ခြမ်းမှာဟုတ်တယ်။ သင်္ချိုင်မြေကို ဖဲ့ပြီး မြေကွက်ရိုက်နေတဲ့ ပုံစံမျိုးဖြစ်နေတာပေါ့လေ။ ကြည့်ရသလောက်က ကျောက်တူးဖော်ဖို့တော့ မဟုတ်ဘူး။ အဲ့နေရာကြီးကို မြေကွက်ရိုက်ပုံဖော်ပြီးတော့ ဆိုင်ခန်းချဖို့ ပုံစံတော့ယူဆလို့ရတယ်။ ဘာလို့လဲဆိုတော့ သင်္ချိုင်းမြေဘဲမဟုတ်ဘူး ဆေးရုံမြေနေရာကိုလည်း ဖဲ့ယူပြီးတော့ ဆိုင်အငှားလေးတွေ ချထားပေးတာမျိုးတွေလည်းရှိတယ်လို့ ကြားရတယ်ပါတယ်”လို့ပြောပါတယ်။
ဖားကန့်မှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ရပ်ရွာပြည်သူတွေနဲ့ ညှိနှိုင်းပြီး မြေနေရာအငှားချပေးတာတွေရှိပေမယ့် အခုလို သဂြိုဟ်မြှုပ်နှံထားပြီးသားဖြစ်တဲ့ သင်္ချိုင်းမြေနေရာပေါ်မှာ တူးဖော်ပြီး ရုပ်ပျက်၊ဆင်းပျက် ရုပ်အလောင်းပေါ်လာတဲ့အထိတော့ မလုပ်သင့်ကြောင့် ဖားကန့် ပြည်သူတွေ ပြောဆိုနေကြပါတယ်။
လက်ရှိ တူးနေတဲ့ င်္ချိုင်းမြေနေရာကို အပြင်ကနေကြည့်လို့မရအောင် သွပ်ဖြူနဲ့ကာထားတဲ့အတွက် အာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက်တွေဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့အပြင် ဘယ်လိုစီမံချက်တွေနဲ့ လုပ်ဆောင်နေလဲဆိုတာကိုအသေးစိတ်မသိရဘူးလို့ ဆက်ဆိုပါတယ်။
“ရပ်ရွာလူထုတွေကတော့ ကန့်ကွက်တယ် မဖြစ်သင့်ဘူး ကန့်ကွက်ပေမယ့် ကန့်ကွက်လို့မရတဲ့ အခြေအနေတွေဖြစ်နေတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက ခွင့်ပြုချက်နဲ့ ဖြစ်စေ ဘယ်လိုပုံစံတွေနဲ့ စီမံချက်တွေလုပ်နေလဲအသေးစိတ် မသိရတာဖြစ်တယ်။ ဖဲ့ယူထားတဲ့ နေရာကိုလည်း ဝင်းကြီးခတ်ထားတယ် ဘယ်သူမှဝင်လို့မရဘူး။ ပတ်ပတ်လည် သွပ်တွေနဲ့ ကာထားတယ်။ အပြင်ကနေ အကွက်တွေကို ဘယ်လိုရိုက်ပြီး ဘယ်လောက်ထိ စားသွားမယ်ဆိုတာကို သေချာမတွေ့ရဘူး”လို့ နောက်ထပ် ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးပြောပါတယ်။
နှစ်ပေါင်းကြာရှည်စွာ အများပြည်သူအသုံးပြုနေတဲ့ လုံးခင်းသင်္ချိုင်းမြေဟာ မြေနေရာ ၅ ဧက ကျယ်ဝန်းပြီးတော့ လက်ရှိမှာ မိန်းလမ်းမကြီးရဲ့ နံဘေး ပတ်လည်တဝိုက် ပေ ၁၀၀ ခန့တူးကလော်လိုက်ပြီလို့ သိရပါတယ်။
လုံးခင်း သင်္ချိုင်းကုန်းမြေနေရာက မှော်ဆီစာကျေးရွာကိုသွားတဲ့ မိန်းလမ်းမကြီးပေါ် ဥရုချောင်းဘေးကပ်ယက်မှာ တည်ရှိနေပြီး အဲဒီ မိန်းလမ်းမကြီးတစ်လျှောက်မှာ လုံးခင်းကျောက်ဝိုင်းနဲ့ ဖုန်းရောင်းဝယ်ရေးဆိုင်၊ စားသောက်ဆိုင်တွေ တိုးချဲ့စည်ကားလာတဲ့အတွက် အခုလို သင်္ချိုင်းမြေနေရာတွေအထိပါ မြေကွက်ရိုက်လုပ်ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် သင်္ချိုင်းကုန်းမြေနေရာရဲ့အပေါ်ဘက်ခြမ်းမှာ လုံးခင်းတိုက်နယ်ဆေးရုံနဲ့ သင်္ခါရလူမှုကူညီရေးအသင်းရှိပြီး အောက်ဖက်ခြမ်းမှာ သင်္ချိုင်းမြေနေရာရှိနေတဲ့အတွက် မိန်းလမ်းမကြီးပေါ်မှာ တစ်ဆက်တည်းရှိကြတာဖြစ်ပါတယ်။
အခုလို လုံးခင်းသင်္ချိုင်းမြေနေရာမှာ မြေကွက်ရိုက်နေရာချပေးဖို့ လုပ်ဆောင်လာတာဟာ ၃ လဝန်းကျင်ခန့် ကြာမြင့်လာပြီ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြေတူးဖော်လိုက်တဲ့ နေရာမှာရုပ်အလောင်းတွေ ပေါ်ထွက်လာတဲ့ သတင်းဓါတ်ပုံ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံနှံ့လာတဲ့အတွက် အများပြည်သူက သိရှိလာကြတာဖြစ်ပါတယ်။
သင်္ချိုင်းမြေထိပါးလာတဲ့အထိ မြေအကွက်ရိုက်နေရာချပေးဖို့ လုပ်ဆောင်လာတဲ့ ဖြစ်စဉ်က လက်ရှိ အာဏာရယူထားတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA အစိုးရမှာ အဓိက တာဝန်ရှိတာဖြစ်ပြီး လုပ်ငန်းစဉ်ကို ရပ်တန့်ပေးဖို့ တောင်းဆိုနေကြပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မှူးကြီးနော်ဘူက KNG ကို အခုလို ပြန်လည်ဖြေဆိုထားပါတယ်။
“အဲဒီဖြစ်စဉ်က ကြားလည်းမကြားဘူးသလို သိလည်း မသိပါဘူး။ သတင်းပေးပို့လာတာလည်းမရှိပါဘူး။ ကျနော်ကိုယ်တိုင်လည်း ဘာမှမသိတာဖြစ်တဲ့အတွက် ဘာမှပြောစရာမရှိပါဘူး”လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။
ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လ ဝန်းကျင်ကတည်းက ဖားကန့်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တော်လှန်းပူးပေါင်းတပ်တွေ ထိန်းချုပ်နိုင်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာ တစ်နှစ်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။
ကျောက်စိမ်းတူးဖော်ရေးနဲ့ ပတ်သက်ပြီး KIO အစိုးရရဲ့ သယံဇာတနဲ့ ပတ်သက်ပြီး အခွန်ကောက်ခံရေးအဖွဲ့ (Hkawn Kang Dap)က လုပ်ကွက်ချပေးတာတွေ၊ အခွန်ကောက်ခံတာတွေ ကြပ်မတ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အိမ်ခြံမြေနဲ့ ပတ်သက်ပြီးတော့ အဓိက တိုက်နယ်နဲ့ မြို့နယ် အဆင့်ဆင့်ကနေ လုပ်ဆောင်နေတာဖြစ်တဲ့အတွက် လက်ရှိ လုံးခင်းသင်္ချိုင်းမြေနေရာကို ဖဲ့ယူပြီး နေရာချပေးဖို့ လုပ်ဆောင်နေတာက သက်ဆိုင်ရာ တိုက်နယ်နဲ့ မြို့နယ် တာဝန်ရှိသူတွေသာဖြစ်တယ်လို့လည်း ဖားကန့်ဒေသခံတွေပြောပါတယ်။
ဖားကန့်ဒေသခံပြည်သူတွေဟာ သင်္ချိုင်းမြေအပါ အများနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ကျောက်စိမ်းတူးဖော်တာတွေ၊ မြေကွက်ရိုက် မြေနေရာချဲ့ထွင် ရောင်းချတာတွေ မလုပ်ပေးဖို့ ပြင်းပြင်းထန်ထန်ကန့်ကွက်နေတာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်ကျော်အတွင်းမှာ ဖားကန့်၊လုံးခင်းအုပ်စု မဇွပ်ယန်စာသင်ကျောင်းနဲ့ ကျေးရွာတစ်ခြမ်း ကျောက်စိမ်းတူးဖော်ဖို့ကြိုးစားနေတဲ့ ဖြစ်စဉ်၊ ဆန်ခါကျေးရွာ နဲ့ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းဝင်းနေရာ စတဲ့ နေရာတွေမှာ ကျောက်စိမ်းတူးဖော်လိုက်ဖို့ မြေကွက်တွေ ရောင်းဝယ်နေတဲ့ ဖြစ်စဉ်တွေလည်း များစွာရှိနေတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။
ဖားကန့်ဒေသထဲမှာ ဒီလိုဖြစ်စဉ်များစွာရှိနေပေမယ့် အများပြည်သူတွေဟာ အသက်အန္တရာယ်အတွက် စိုးရိမ်ပြီး အသံထွက်ကန့်ကွက်ဖို့ ပြောဆိုဖို့အတွက် မလုပ်ရဲဘဲ နှုတ်ဆိတ်နေကြရတယ်လို့လည်း ပြောပြပါတယ်။
ဒါကြောင့် အဓိက အာဏာရယူထားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA အနေနဲ့ ရှိပြီးသား အဆောက်အဦးတွေကို ဖျက်ဆီးပြီး မြေကွက်ရိုက်နေရာချပေးတာတွေ၊ ကျောက်စိမ်းတူးဖော်တာတွေ မလုပ်ဖို့ အများပြည်သူတောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)