သတင်း

မြစ်ကြီးနားမှာ တစ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် လမ်းဘေးမှာသေဆုံးနေသူ ၅ ဦးထိရှိလာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် လမ်းဘေးမှာသေဆုံးနေသူ ၅ ဦးထိရှိလာတယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။

ဒီသေဆုံးမှုတွေဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး  အေးစေတီရပ်ကွက်၊ အောင်နန်းရပ်ကွက်၊ ရမ်ပူရပ်ကွက် ၊ ပလနရပ်ကွက်စတဲ့နေရာတွေမှာ တွေ့ရှိရတာဖြစ်တယ်လို့ သိရပါတယ်။

ရမ်ပူဘက်တော့များတယ် ဒါမယ့် အခုကတော့ နေရာအနှံ့လိုလိုပါဘဲ အများဆုံးကောက်တာတော့ ရမ်ပူပေါ့ လူငယ်တိုင်းက ဒီဘက်ဘဲ ရောက်နေကြတာဆိုတော့လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေး အသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ဒါအပြင် သေဆုံးသူတွေအားလုံးဟာ အမျိုးသားတွေဖြစ်ကြတယ်လို့ သိရပြီး အသက်အရွယ်အားဖြင့် အသက် ၂၀ ကနေ ၃၀ ဝန်းကျင်အရွယ် လူငယ်တွေဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ခုလို မူယစ်ဆေးဝါးသုံးစွဲပြီး သေဆုံးသူတွေသူတွေထဲမှာ လူငယ်အမျိုသားတွေများလာတာဟာ လက်ရှိနိုင်ငံရေးကြောင့် ပြည်ပထွက်ခွာဖို့ခက်ခဲတာ၊အလုပ်ကိုင်ရှားပါးပြီး KTV/BAR တွေများလာတဲ့နောက်ဆက်တွဲဖြစ်တယ်လို့ မြိုခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။

ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာက အခုချိန်ထိ မိဘတွေကလည်း အရမ်းတင်းကြပ်တယ်။ ဥပမာဆယ်တန်းအောင်မှ ကြိုက်တာလုပ်ခိုင်းမယ်လို့ ပြောထားတာမျိုးဆိုရင် သူတို့အနေနဲ့ မကောင်းတဲ့ဘက်ကို စူးစမ်းတဲ့ဟာက ပိုများသွားတယ် ရွဲ့သလိုမျိုးလုပ်တာပေါ့ ယောင်္ကျားလေးတွေက ပိုဖြစ်တယ်။ ပြီးတော့ အလုပ်ကရှား၊အပျော်အပါးများလာတော့ခေတ်ပျက်မှာလူငယ်တစ်ချို့ပျက်စီးလာတာလို့မြင်ပါတယ်လို့ သူမက သုံးသပ်ပြောဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ နေရာအနှံ့ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေများပြားနေပေမယ့် ဖမ်းဆီးအရေးယူနိုင်မှုကတော့ မရှိသလောက်နည်းပါးနေသေးတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားမြို့မှာ Barနဲ့ KTVတွေ များပြားလာတာနဲ့ အမျှ အဲဒီနေရာတွေမှာ ကေဆိုတဲ့ စိတ်ကြွမူးယစ်ဝါးတွေအပြင် တခြားမူးယစ်ဆေးဝါးအမျိုးမျိုးလည်း ဖော်ဖော်တီတီရနေတာကြောင့်လည်း ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲသူတွေ များပြားလာတာနဲ့အမျှ နောက်ဆက်တွဲအနေနဲ့ ခိုးဆိုးလုယှက်မှုတွေအပြင် မူးယစ်ဆေးဝါးသုံးစွဲပြီး စည်းကမ်းမဲ့ မော်တော်ယာဉ်တိုက်ပြေးမှုတွေကြောင့် လူသေဆုံးမှုတွေလည်း ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC) ၂၀၂၄ ဒီဇင်ဘာ၁၂ရက်နေ့ရဲ့ ထုတ်ပြန်ချက်မှာ‌တော့ မြန်မာနိုင်ငံဟာ ၂၀၂၃ခုနှစ်ထက် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၄ရာခိုင်နှုန်း ကျဆင်းခဲ့ပေမယ့်လည်း  ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည် နေတယ်လို့ ဖော်ပြထားပါတယ်။။

ဒါအပြင် မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ဘိန်းစိုက်ပျိုးတဲ့ ဧရိယာ ၄၅,၂၀၀ ဟက်တာ ရှိခဲ့ပြီး  ရှမ်းပြည်နယ်မှာတော့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၈၈ရာခိုင်နှုန်းလောက်ရှိပြီး တစ်နိုင်ငံလုံးမှာ အများဆုံး ဖြစ်တယ်လို့  သိရပါတယ်။

By – Hope

Show More

Related Articles

Back to top button