လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းသတင်း

ကချင်မှာ စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသူအရပ်သား ၂၃၀ ဦးထိရှိလာ

ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ၂၀၂၃ ဇန်နဝါရီလကနေ  ၂၀၂၅ ဇွန်လထိ သေဆုံးသူ ၂၃၀ ဦးထိရှိခဲ့တယ်လို့ Kachin Human Rights Watch(KHRW) ကနေသိရပါတယ်။

ထိခိုက်သေဆုံးသူတွေထဲမှာ မွေးကင်းစကလေးအရွယ်ကနေ သက်ကြီးရွယ်အိုအထိပါဝင်ပြီး အသက် ၁၈ နှစ်အထက် အမျိုးသားသေဆုံးမှု အများဆုံးဖြစ်ပြီး ဖြစ်စဉ်တွေထဲမှာ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသူ ပိုများတယ်လို့ (KHRW)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဂျက်ကော့(Jacob)က KNG ကို ခုလိုပြောပါတယ်။

ပြည်သူလူထုတွေရဲ့ အသက်လုံခြုံရေးရရှိဖို့အတွက်ကတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေ မူဝါဒချမှတ်ဖို့‌တောင်းဆိုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်မှာ ပြည်သူလူထုရဲ့လုံခြုံရေးကတော့ လုံးဝကို ကင်းမဲ့နေတဲ့အခြေအနေရှိပါတယ်။ ပြည်သူလူထုတွေ မတရား သတ်ဖြတ်ခံရမှုတွေလည်း ပိုပြီးတော့ များလာပါတယ်လို့ ဆိုပါတယ်။

KHRW အဖွဲ့ကနေပြီးတော့ ကောက်ယူရရှိထားတဲ့ အချက်အလက်တွေဟာ  ကချင်ပြည်နယ်အတွင်း ဖုန်းနဲ့အင်တာနက် အခက်အခဲကြားက ကောက်ယူရရှိထားတဲ့ အချက်အလက်တွေ ဖြစ်တဲ့အတွက် မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ကချင်မှာ ၂၀၂၄ ခုနှစ် မတ်လ KIA ပူးပေါင်းတပ်ရဲ့စစ်ဆင်ရေးစတင်လာချိန်ကစလို့ တိုက်ပွဲနေရာတွေအပြင် အရပ်သားရှိတဲ့နေရာတွေကို စစ်တပ်ကလေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ တိုက်ပွဲမရှိတဲ့ မြစ်ကြီးနားမြို့လိုနေရာတွေနဲ့ ကျေးလက်ဒေသတွေမှာလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေဟာဆက်တိုက်ရှိနေတာကြောင့် ပြည်သူတွေဟာ စိုးရိမ်စိတ်နဲ့ရှင်သန်နေကြရတာဖြစ်ပါတယ်။

အိမ်မှာဘဲ နေနေရင်တောင်ကြောက်နေရ၊ ကြောက်နေရတယ်ဆိုတာက စစ်ကောင်စီတွေရဲ့ လက်နက်ကြီးတွေ အမြဲပစ်လွှတ်နေပြီး နေ့တိုင်းညတိုင်းလိုကြားနေရတော့ နေစရာတောင်မရှိတော့သလိုဘဲ ကိုယ်အိမ်မှာ‌တောင်မလုံခြုံနေတော့လို့ မြစ်ကြီးနား ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

Myanmar Pace Monitor MPM ရဲ့  စုစည်းထားတဲ့ အချက်အလက်တွေမှာတော့ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၄နှစ်ကုန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စုစုပေါင်း သေဆုံးသူ ၇၇၅၇ ဦး အထိရှိခဲ့ရာ ကချင်ဒေသမှာ ၅၆၀ ဦးရှိခဲ့တာဖြစ်တယ်လို့ ‌ဖော်ပြထားပါတယ်။

သေဆုံးမှုတွေထဲမှာ တိုက်ပွဲအတွင်းသေဆုံးခဲ့တဲ့ အရပ်သားဦးရေမှာ လေးနှစ်တာအတွင်း ၄၀၅ ဦးရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့တဲ့အရပ်သားဦးရေကတော့ ၁၄၉ ဦးရှိခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေတွေထဲမှာမှ ၂၀၂၄ ခုနှစ်ကတော့ အဆိုးရွားဆုံးနဲ့ အများဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် စစ်တပ်အာဏာသိမ်း လေးနှစ်တာအတွင်း ကချင်ပြည်နယ်အတွင်း ဖားကန့်ဒေသ KIO တပ်မဟာ ၉ နယ်မြေဖြစ်တဲ့ အနန့်ပါ၊ KIO ဌာနချုပ် လိုင်ဇာမြို့အနီးရှိ မုန့်လိုင်ခက် စစ်ရှောင်စခန်း၊ မြို့သစ်ကုန်းလောကျေးရွာတွေမှာ လေယာဉ်ဗုံးကြဲခံရတဲ့အတွက် အရပ်သားအစုပြုံလိုက် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ကမ္ဘာ့ကုလသမ္မဂအဖွဲ့(UN)ရဲ့ ပြီးခဲ့တဲ့ဇွန်လ ၂၆ရက်နေ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီအာဏာသိမ်းပြီးနောက် လက်ရှိချိန်ထိ အရပ်သားပြည်သူ ၆၈၀၀ကျော် သတ်ဖြတ်ခံထားရပြီး လူပေါင်း ၂၂၀၀၀ကျော်ဟာ နိုင်ငံရေးကြောင့် ဖမ်းဆီးခံထားရတာ ဖြစ်တယ်လို့ သိရပါတယ်။

By – Hope

Show More

Related Articles

Back to top button