သတင်း

မုံရွာကနေတက်လာတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘော ဟုမ္မလင်းဘက်ကို ဦးတည်တက်လာနေဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ကနေထွက်ခွာလာတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဟုမ္မလင်း၊ ခန္တီးဘက်ကို ဆန်တက်လာနေတယ်လို့ ဟုမ္မလင်းကာကွယ်ရေးတပ်က သိရပါတယ်။

ဇူလိုင်လ ၂ ရက်နေ့ မုံရွာမြို့ သင်္ဘောဆိပ်ကနေထွက်ခွာသွားတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောကြီးတွေနဲ့ အဲဒီသင်္ဘောကိုလုံခြုံရေးယူပေးတဲ့ သံခွန်မော်တော်အပါအဝင် စုစုပေါင်း ၁၀ စီးခန့်ဟာ ဟုမ္မလင်းဘက်ကို ဦးတည်လာနေပြီး မနေ့က ကနီမြို့နယ်ထဲမှာဝင်ရောက်လာတယ်လို့ ဟုမ္မလင်း PDF တပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။

အစီးရေအတိအကျကတော့အတည်ပြုနေတုန်း သံခွန်အသေးတွေကော သင်္ဘောအကြီးက  စီးပြောတယ်။ ဟုမ္မလင်းအထိပဲလား ခန္တီးဘက်ထိဆက်တက်မလားတော့မသိရသေးဘူး မနေ့က ကနီနယ်ထဲဝင်တယ် ကနီတော့မရောက်သေးဘူး ဒီနေ့ရောက်မလားစောင့်ကြည့်ရမယ်လို့ ဟုမ္မလင်း PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

စစ်သင်္ဘောတွေရဲ့အမိုးပေါ်မှာတော့ လက်နက်ကြီး၊စက်သေနတ်တွေတပ်ဆင်ထားပြီး သင်္ဘောထဲမှာတော့ လက်နက်ခဲယမ်းနဲ့ရိက္ခာတင်ဆောင်လာတယ်လို့ယူဆရကြောင်း သူက ဆက်ပြောပါတယ်။

သင်္ဘောတွေက ကမ်းမကပ်ဘူးရယ် ရေလယ်ခေါင်ကနေပဲဆန်တက်လာတယ်ဆိုတော့ ဘာတွေပါမှန်းမသိရဘူး ယာဥ်တန်းနဲ့လာပြီဆိုကတည်းက စစ်သားနဲ့လက်နက်ခဲယမ်းတွေပဲပါမှာပဲ အလွတ်တော့ဘယ်လာမလဲလို့ သူကဆက်ပြောပါတယ်။

စစ်သင်္ဘောတွေဆန်တက်လာနေတာကြောင့် ဟုမ္မလင်းမြို့ပေါ်က စစ်ကောင်စီနဲ့ SNA စစ်သားတွေဟာ ရွှေပြည်အေးမြို့ဘက်ကို ဒီရက်ပိုင်းရေကြောင်းနဲ့ခပ်စိပ်စိပ်စစ်ရေးလှုပ်ရှားတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

သင်္ဘောတွေတက်လာတယ်ဆိုတော့ ဒီမြို့ထဲကနေစစ်သားတွေ ရွှေပြည်အေးဘက်သွားတယ် စက်လှေတွေနဲ့နှစ်စီး၊သုံးစီးတခါသွားရင်ကင်းလှည့်တာလားရွှေပြည်အေး ခြေနေသွားကြည့်တာဖြစ်နိုင်တယ်။ ရွှေပြည်အေးက pdf တွေထိုင်တယ်လေလို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

ရွှေပြည်အေးမြို့ဟာ မုံရွာဟုမ္မလင်းရေကြောင်းလမ်းမှာရှိတာဖြစ်ပြီး လက်ရှိမှာတော့ ကာကွယ်ရေးတပ်တွေဘက်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဒါကြောင့် စစ်သင်္ဘောတွေဟာ ဟုမ္မလင်းမြို့ကို ဝင်ရောက်ဖို့အတွက်လက်ရှိကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ရွှေပြည်အေးမြို့ရဲ့သင်္ဘောဆိပ်ကိုဖြတ်ရမှာဖြစ်တဲ့အတွက် ရွှေပြည်အေးဘက်မှာ တိုက်ပွဲတွေဖြစ်ပွားလာမှာကိုဒေသခံတွေစိုးရိမ်နေကြပါတယ်။

မုံရွာဟုမ္မလင်းကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးနေတဲ့အတွက် လက်ရှိဟုမ္မလင်းမြို့နယ်အတွက် ကုန်စည်သယ်ယူဖို့ ရေကြောင်းကိုသာအသုံးပြုနေရတာဖြစ်ပါတ်။

ဒါပေမယ့် ဒီရေကြောင်းမှာ စစ်သင်္ဘောတွေတက်လာနေတဲ့အတွက် ကုန်တင်သင်္ဘောတွေပိတ်မိနေတာကြောင့် ဟုမ္မလင်းဘက် ကုန်စည်စီးဆင်းမှုတွေလည်း ရပ်တန့်နေတယ်လို့သိရပါတယ်။

ဒါကြောင့် ဟုမ္မလင်းနယ်ဘက်မှာတော့ ကုန်စျေးနှုန်းကြီးတာ၊ကုန်စည်ရှားပါးတာတွေထိဖြစ်လာနို ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ၂၀၂၄ ခုနှစ်တုန်းကလည်း မုံရွာဟုမ္မလင်းရေကြောင်းသုံးပြီး ဟုမ္မလင်း၊ခန္တီးဘက်ကို စစ်အင်အားဖြည့်တာတွေရှိပုံမှန်ရှိခဲ့ပေမယ့် ယခုနှစ်ထဲမှာတော့ဒီတစ်ကြိမ်ပထမဆုံးလို့သိရပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့အပါအဝင် မြို့ရဲ့အနောက်ဘက်နဲ့တောင်ဘက်ခြမ်းတွေထဲက ရှေ့ရွာအများစုကို ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားပြီး ဟုမ္မလင်းအရှေ့ဘက်ဖောင်းပြင်မြို့နယ်ထဲမှာလည်းကျေးရွာအများစုကိုကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတာကြောင့် အဲ့ဒီနေရာတွေကိုပြန်ယူဖို့ စစ်အင်အားဖြည့်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေကသုံးသပ်နေကြပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button