ကားမိုင်း – နန့်ယား ဖားကန့်လမ်းပိုင်း စစ်တပ်က ပြန်ဖွင့်
လေးလခန့်အကြာ ပိတ်ဆို့ထားတဲ့ ကားမိုင်း – နန့်ယား ဖားကန့်လမ်းပိုင်းကို စစ်ကောင်စီတပ်က ဒီကနေ့ ဩဂုတ်လ ၂ ရက်နေ့ မှာ ကုန်ပစ္စည်းတင်တဲ့ ကုန်ကားတစ်ချို့ ဖားကန့်ထဲကို ဝင်ခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ထိန်းချုပ်ထားတဲ့ ကားမိုင်း – မအူပင် စစ်တပ်ဂိတ်နဲ့ ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံ စစ်တပ်ဂိတ်နေရာတွေမှာ ဖွင့်ပေးလိုက်တာဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“ဒီကနေ့ ဖွင့်လိုက်တာက ကားမိုင်း – နန့်ယားလမ်းဖြစ်တယ်။ ကားမိုင်းက စစ်တပ်နဲ့ နီးတဲ့ အသိတစ်ယောက်ကို မေးကြည့်တယ် လွတ်လွတ်လပ်လပ်သွားလာခွင့်ရပြီ။ ပြီးရင် ယမ်းချက်စက်ရုံဘက်မှာလည်း ဖွင့်ပေးလိုက်ပြီတဲ့။ ဒီအခြေအနေကို ကြည့်ရင် စစ်တပ်က ပြန်ဖွင့်ပေးလိုက်တယ်လို့ပြောလို့ရပါတယ်”လို့ပြောပါတယ်။
ဖားကန့်ထဲကို ဒီကနေ့ မွန်းလွှဲ ၂ နာရီဝန်းကျင်လောက်ကနေ ကြက်၊ ဝက်တင်တဲ့ ကုန်တင်ကားတစ်ချို့နဲ့ ဆိုင်ကယ် ကယ်ရီသမားတွေ ဝင်ရောက်သွားတာကိုလည်း မြင်တွေ့ရပါတယ်။
ကားမိုင်း – နန့်ယားကားလမ်းပိုင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့ မအူပင်ကျေးရွာအထက် အွမ့်ကထောင်ကနေ နန့်ယားကျေးရွာတစ်လျှောက် နန့်တိန့်ကျေးရွာအထိ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ KIA က စတင်လမ်းဖွင့်ပေးလိုက်တာဖြစ်ပါတယ်။
ဒါပေမယ့် စစ်တပ်ဘက်ကနေ ပိတ်ဆို့ထားဆဲဖြစ်တဲ့အတွက် သွားလာလို့မရဘဲ ကြန့်ကြာနေတာဖြစ်ပါတယ်။
လက်ရှိ စစ်တပ်က ကားမိုင်း – ဖားကန့် လမ်းပိုင်း ပြန်ဖွင့်ပေးလိုက်တာနဲ့ပတ်သက်ပြီး အချိန်ဘယ်လောက်ကြာမြင့်တဲ့အထိ ဖွင့်ပေးထားမယ်ဆိုတဲ့အခြေအနေကို မသိရသေးတာဖြစ်ပါတယ်။
ဖားကန့်ဒေသခံတစ်ချို့ရဲ့ ပြောဆိုချက်အရ ကုန်ပစ္စည်းသယ်ယူနိုင်ဖို့ လမ်းပိုင်းကို ယာယီခဏသာ ဖွင့်ပေးလိုက်တဲ့အခြေအနေလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
အဲဒီလမ်းပိုင်းကို ပြီးခဲ့တဲ့ ဧပြီလအတွင်းကနေ စစ်တပ်က ဖားကန့်ထဲကို စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် KIA ဘက်က လမ်းပိုင်းတစ်ချို့ကို ပိတ်ဆို့ခဲ့သလို စစ်တပ်ဘက်ကလည်း တန်ပြန် ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။
အလားတူ ဖားကန့်ဒေသထဲကို ဝင်ရောက်နိုင်တဲ့ နောက်ထပ် အင်းတော်ကြီး – ဖားကန့် ဂွေခါလမ်းပိုင်းကိုလည်း စစ်တပ်နဲ့ ရှမ်းနီ အမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်တွေက အကန့်အသတ်နဲ့သာ သွားလာခွင့်ပြုထားတာဖြစ်ပါတယ်။
ကုန်စည်စီးဆင်းနေတဲ့ လမ်းပိုင်းအားလုံးကို နှစ်ဖက်စစ်တပ် သွားလာခွင့်ပိတ်ဆို့လိုက်တဲ့တာကြောင့် ဖားကန့်ဒေသထဲမှာ ကုန်ပစ္စည်းတွေပြတ်လပ်သွားပြီး အခြေခံစားသောက်ကုန်တွေ စျေးနှုန်းအဆမတန်မြင့်တက်သွားတဲ့ အခြေအနေကို ပြည်သူတွေက လချီနဲ့ကြာမြင့်တဲ့အထိ ဆိုင်ကြုံတွေ့နေကြတာဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



