သတင်း

အလဲန့်ဘွမ်( Alen Bum) ဆေးရုံ၊ဆေးပေးခန်းမှာ ဆေးဝါးအကူညီလိုအပ်နေ

လိုင်ဇာမြို့မှာ ရေကြီးရေလျှံမှု‌ကြောင့် အလဲန့်ဘွမ်( Alen Bum) ဆေးရုံ၊ဆေးပေးခန်း ရေလွှမ်းမိုးခဲ့ရပြီး ဆေးဝါးအားလုံးဆုံးရှုံးသွားတဲ့အတွက် ဆေးဝါးကူညီထောက်ပံ့မှု လိုအပ်နေတယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

အလဲန့်ဘွမ်( Alen Bum) ဆေးရုံဟာ ကျောင်းသား၊ကျောင်းသူထောင်ကျော်အတွက် အရေးပါတဲ့ ဆေးရုံဖြစ်ပြီး လက်ရှိကျောင်းသား၊ကျောင်းသူတွေ ဖျားနာသူတွေများနေပေမယ့်ဆေးရုံရေလွှမ်းသွား‌တာ‌ကြောင့်ဆေးဝါးမရှိတဲ့ အခက်ခဲကြုံနေရတယ်လို့ အလဲန့်ဘွမ်ပညာရေးဝန်ထမ်း ဆရာမတစ်ဦး KNG ကို အခုလို ပြောပါတယ်။

အခုက ဆေးဆရာ၊ဆရာမတွေတော့ရှိတယ်။ ကလေးတွေ အရေးပေါ်ဖျားနာနေရင်တောင် တိုက်ဖို့ဆေးမရှိဘူး။ ဘာဖြစ်တယ် ဘာဖျားတယ်ဆိုတာ စမ်းသပ်ပေးဖို့တောင်မရှိဘူး။ အဖျားတက်လို့ အဖျားကျဆေးတိုက်ဖို့တောင် မရှိဘူး။ ကလေးတွေက များ၊ အားလုံးက ဘော်ဒါမှာဆိုတော့ ဖျားနေရင်တောင် ဆေးဝါးတွေ မရှိတော့လို့ ကလေးတွေက ပိုဖျားလာတာမျိုး ဖြစ်လာတယ်။ လိုင်ဇာဘက်သွားဖို့လည်း အခုရေကြီးလို့ လမ်းတွေ တအားခက်နေတယ်။ ခါတိုင်းဆို ခွဲစိတ်အဆင့်ဆို လိုင်ဇာကိုသွားတယ်။ အခုက ဝမ်းပျက်၊ ဝမ်းလျှောတွေအတွက် တိုက်ဖို့ဆေးလည်းမရှိ၊ ဆေးရုံလည်း ကြမ်းပြင်ပဲ ကျန်တော့တယ်လို့အလဲန့်ဘွမ် ပညာရေးဝန်ထမ်း ဆရာမတစ်ဦးက ပြောပါတယ်။  

ဩဂုတ် ၄ ရက်နေ့မနက်မှာ လိုင်ဇာမြို့ ရှိ တောင်ကျချောင်းရေ ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် နေအိမ်အမြောက်အများနဲ့ ကျောင်းဆောင်များ၊ ဘုရားကျောင်းများ၊ ဆေးရုံ၊ဆေးခန်းတစ်ချို့ ရေလွှမ်းမိုးခဲ့တာဖြစ်ပါတယ်။

အဲဒီထဲမှာ အလဲန့်ဘွမ်(Alen Bum) ကျောင်းသား၊ကျောင်းသူများအတွက် သီးသန့်ထားရှိတဲ့ ဆေးရုံလည်းပါဝင်ပြီး ဆေးရုံအတွင်းရှိ ဆေးဝါးပစ္စည်းများ၊ ကိရိယာများ အားလုံးဆုံးရှုံးကာ ကြမ်းပြင်သာကျန်ခဲ့တယ်လို့ ဆိုပါတယ်။

ရေလွှမ်းမိုးမှုကြုံပြီး‌နောက် လတ်တလော ဖျားနာသူတွေလည်း များနေ‌တယ်လို့ သိရပြီး အဓိက အဖျားတက်၊ ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်သူတွေကို ဆေးတိုက်ဖို့မရှိတဲ့အပြင် အရေးပေါ် လူနာတွေအတွက်လည်း တော်တော်ခက်ခဲနေတယ်လို့ ပြောပါတယ်။

ဒါကြောင့် လက်ရှိ အလဲန့်ဘွမ်ကျောင်း ဆေးရုံအတွက် အရေးပေါ် ဆေးဝါးအကူအညီတွေ လိုအပ်နေတာကြောင့် ဝိုင်းဝန်း ကူညီအားဖြည့်ပေးရန် တောင်းဆိုနေတာဖြစ်ပါတယ်။ 

ဒီဆေးရုံဟာKIO အစိုးရမှ အလဲန့်ဘွမ်(Alen Bum)ကျောင်းသား၊ ကျောင်းသူတွေအတွက် သီးသန့်ဆောက်လုပ် ဖွင့်လှစ်ထားပေးတဲ့ ဆေးရုံဖြစ်သလို ဆေးဝန်ထမ်းတွေကိုလည်း KIO က ခန့်အပ်ထားပေးတာဖြစ်ပါတယ်။

ဒါပေမဲ့ လိုအပ်တဲ့ဆေးဝါးပစ္စည်းများ၊ ကိရိယာ မှန်သမျှကိုတော့ အလဲန့်ဘွမ်ကျောင်းကနေ ဝယ်ယူ ဖြည့်စွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ လိုင်ဇာမှာ ဖျားနာသူတွေလည်း များပြားကာ ဆေးဝါးမလုံလောက်တဲ့ ပြဿနာက လိုင်ဇာပြည်သူ့ဆေးရုံကြီးအပြင် နေရာတိုင်းမှာ အခက်ရှိနေတယ်လို့ ဆက်လက်သိရပါယတ်။  

လိုင်ဇာမြို့ ရေကြီးမှုထဲမှာ အဆုံးရွားဆုံး ရေဘေးဒဏ်ခံစားခဲ့ရတဲ့ ကျေးရွာ၊ ရပ်ကွက်များမှာ ဆွတ်မူအောင်(Sutmu Awng) ၊ ဖုန်မိုင်ယန်( Hpungmai Yang) ၊ ဖွန်လွမ်ယန်( Hpumlum yang) ၊ ဂျေယန့်စစ်ဘေးရှောင်စခန်း(Jeyang) ၊ ဂျာထုကောင့်( Jahtu kawng) စတဲ့နေရာတွေဖြစ်တယ်လို့ ဆိုပါတယ်။

အဓိက စစ်ဘေးရှောင်ပြည်သူတွေသာ နေထိုင်တဲ့နေရာတွေကို ရေဘေးဒဏ်သင့်ခဲ့တာကြောင့် ပိုမိုခက်ခဲသွားကာ နေအိမ်မရှိတော့တဲ့ ပြည်သူများ၊ ရေဘေးသင့်ပြည်သူများအတွက် အစားအသောက်၊ ဆေးဝါးနဲ့ အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

အရင်နှစ်တွေတုန်းကဆို ရေကြီးတာတွေတော့ ဖြစ်ပေမဲ့ အခုလို ကျမတို့ ဆေးရုံရှိတဲ့ နေရာတွေအထိ မရောက်ဘူး။ နေအိမ်တွေလည်း အဲလိုပါသွားတာမျိုးမဖြစ်ဘူး။ အခုက ရုတ်တရက်ကြီးလာပြီး ရေလမ်းကြောင်းအတိုင်း မဟုတ်တော့ပဲ ရေလမ်းကြောင်းလွှဲသွားတယ်။ ရေစီးလိုင်းက ချက်ချင်းပြောင်းပြီး ကြီးလာတော့ ထိခိုက်မှုလည်း များသွားတယ်။ အခု နေရာထိုင်းခင်းခက်ခဲတယ်။ နဂိုကတည်းကတောင် စစ်ဘေးရှောင်အိမ်ခန်းတွေမှာပဲ နေပါတယ်ဆို ရေဘေးဒဏ်ပြန်ခံရတော့ ပိုခက်နေတယ်။ အစားအသောက်၊ ဆေးဝါးတွေက အဓိက ပေါ့လို့ သူမက ဆက်ပြောပါတယ်။ 

ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့KIO အနေဖြင့် ရေဘေးသင့်ပြည်သူတွေရဲ့ စာရင်းတွေ ကောက်ခံကာ ပျက်စီးသွားတဲ့ နေရာများ၊ လမ်းများကို ပြုပြင်လျက်ရှိနေပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

KIO ဗဟိုဌာနချုပ် လိုင်ဇာအနီးတဝိုက်မှာ မုန်လိုင်ခက်တောင်ကျချောင်းရေ ရေကြီးရေလျှံဖြစ်ခဲ့ဖြစ်စဉ်မှာ ပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး စစ်ရှောင်စခန်းတွေအပါ လူနေအိမ် ၄၆၈ အထိ ထိခိုက်ပျက်စီးသွားကာ ဘာသာရေးအဆောက်အအုံများ၊ ပညာရေးအဆောက်အအုံများနဲ့ ဆေးရုံဆေးပေးခန်းတွေ ထိခိုက်ပျက်စီးသွားကြောင်း KIO သတင်းပြန်ကြားရေးဌာနက ဩဂုတ် ၅ ရက်နေ့ည ထုတ်ပြန်ကြေညာထားပါတယ်။

ဒါ့အပြင် မုန်လိုင်ချောင်းတံတား၊ လဂျားယန်တံတား၊ နားလုံနဲ့ မန်ဆိုင်းလမ်းတံတား အပါအဝင် လမ်းတံတားစုစုပေါင်း ၇ ခု ပျက်စီးသွားကာ လမ်းတော်တော်များများ ပျက်စီးပြိုကျသွားတာတွေ ရှိတယ်လို့ သိရပါတယ်။

KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့မှာ နှစ်စဉ် တောင်ကျချောင်းရေ ရေကြီးရေလျှံလျက်ဖြစ်ပေမဲ့ ယခုနှစ်မှာတော့ ထိခိုက်ဆုံးရှုံးမှု အများဆုံးနဲ့ ပထမဆုံးအကြိမ်အဖြစ် အဆိုးရွားဆုံး ရေကြီးမှု ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button