ရှမ်းနီ SNA တပ်ထိုင်ထားတဲ့ လုံးတုံဂိတ်မှာကုန်ကား ၁၀၀ ဝန်းကျင်ပိတ်မိနေ
ကချင်ပြည်နယ် မိုးညှင်းခရိုင်ထဲက အင်းတော်ကြီး – ဂွေခါကားလမ်းပိုင်းမှာ ဖားကန့်တက်မယ့် ကုန်ကားကြီးတွေ နဲ့ ကားသေး စုစုပေါင်း အစီး ၁၀၀ ဝန်းကျင် လုံးတုံဂိတ်မှာ ပိတ်မိနေဆဲလို့သိရပါတယ်။
အင်းတော်ကြီးဒေသ လုံးတုံကျေးရွာမှာထိုင်ထားတဲ့ စစ်ကောင်စီနဲ့SNA ပူးပေါင်းတပ်တွေဟာ အင်းတော်ကြီး–ဂွေခါကားလမ်းပိုင်းကို ဇူလိုင်လဆန်းပိုင်းကတည်းကနေ လုံးတုံရွာအထွက်မှာဂိတ်ထိုင်ပြီး ထိန်းချုပ်ထားတာကြောင့် ဒီကနေ့အထိ ကားတွေ ပိတ်မိနေတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတစ်ဦး KNGကိုပြောပါတယ်။
“အရင်ကတော့ ၁၀ စီးတစ်ကြိမ်၊၅ စီးတစ်ကြိမ် အသုတ်ခွဲပြီးလွတ်ပေးပါတယ်။ အခုဟာက လုံးဝပိတ်ထားတာ ဂွေခါကနေအင်းတော်ကြီးဘက်အဆင်းတော့ရတယ် ဂွေခါဘက်အတက်မရတာ အခုလုံးတုံမှာကားတွေမနည်းဘူးပိတ်မိနေတယ်”လို့ အသက် ၄၀ ကျော်အရွယ်ဖားကန့်ဒေသခံတစ်ဦးကပြောပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့မတိုင်ခင်အထိ ကားအစီးရေအကန့်အသတ်နဲ့ကုန်တွေကိုစီစစ်ပြီးလွှတ်ပေးခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်းမှာတော့ စစ်ရေးပိုတင်းမာလာတာကြောင့် ကုန်ကားတွေကိုလုံးဝထွက်ခွင့်မပေးတော့တာလို့သိရပါတယ်။
ဒါ့အပြင် လက်ရှိအင်းတော်ကြီး၊မိုးညှင်းဘက်ကိုဖုန်းလိုင်းတွေဖြတ်တောက်ထားတာကြောင့် တစ်ချို့ကားကြောင်းအခြေအနေမသိတဲ့ကားသမားတွေက လုံးတုံအထိသွားပြီးလှည့်ပြန်လာရတဲ့သူတွေလည်းအများအပြားရှိနေတယ်လို့ကားသမားတစ်ဦးကပြောပါတယ်။
“မနေ့ကလည်းသွားပြီးလုံးတုံကနေလှည့်ပြန်ခဲ့တဲ့ကားတွေအများကြီး ဖုန်းလိုင်းမရှိတော့မသိနိုင်ဘူးလေ။ လူကိုယ်တိုင်သွားမှသိရတာ လမ်းများဖွင့်မလားသွားလိုက်မဖွင့်ရင်လှည့်ပြန်လာလိုက်နဲ့တလျို့ကားသမားတွေကျ လမ်းကြောင်းကိုမစုံစမ်းပဲနဲ့တုံးလုံးရောက်မှပိတ်ပါတယ်ဆိုပြီးလှည့်ပြန်လာတဲ့ကားတွေမှမနည်းဘူးရယ်”လို့ ကိုယ့်တွေ့ကြုံခဲ့ရတဲ့ ကားသမားတစ်ဦးက KNG ကိုပြောပါတယ်။
SNA နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေ လမ်းပိတ်ထားတဲ့အတွက် လုံးတုံအထွက်ဂိတ်မှာ ကုန်ကားကြီး၊ကာသေးအစီး ၁၀၀ ဝန်းကျင်ပိတ်မိနေတဲ့အပြင်ဆိုင်ကယ်တွေလည်းအများအပြားပိတ်မိနေကြောင်းသိရပါတယ်။
လုံးတုံအထွက်ဂိတ်ပိတ်ထားတဲ့အတွက် ဖားကန့်တက်တဲ့ကားနဲ့ခရီးသည်တွေပိတ်မိနေသလို အင်းတော်ကြီး–ဂွေခါကားလမ်းပိုင်းက ကျေးရွာနေပြည်သူတွေလည်းသွားရေးလာရေးခက်ခဲနေတယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဖားကန့်မြို့နယ်ထဲကိုဝင်ရောက်နိုင်တဲ့ လမ်းကြောင်းထဲကတစ်ခုဖြစ်တဲ့ ဖားကန့်–ကာမိုင်း လမ်းပိုင်းကို ပြီးခဲ့တဲ့ မေလ ဆန်းပိုင်းကတည်းပိတ်ထားပြီး သြဂုတ်လ ၃ နေ့မှာပြန်ဖွင့်ပေးခဲ့ပေမယ့် ဆန်၊ဆေးဝါးနဲ့အခြားအခြေခံစားသောက်ကုန်တွေသယ်ယူခွင့်ကိုတော့ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။
ကားကန့်–ကာမိုင်းလမ်းအပါအဝင် အင်းတော်ကြီး–ဂွေခါ–ဖားကန့်လမ်းပိုင်းကို စစ်ကောင်စီတပ်က ပိတ်ထားချိန်ဖားကန့်မြို့နယ်ထဲမှာ ကြက်သားတစ်ပိသာ ကျပ်တစ်သိန်းကျော်၊ ကြက်ဥတစ်လုံးကျပ် ၃၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ဖားကန့်မြို့နယ်အပါအဝင် အင်းတော်ကြီးဒေသကိုထိန်းချုပ်ဖို့အတွက်မေလကတည်းကနေ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့်လက်ရှိအချိန်အထိဖားကန့်၊အင်းတော်ကြီးနေရာတွေအများများမှာနှစ်ဖက်တိုပ်ပွဲတွေပြင်းထန်နေဆဲ ဖြစ်ပါတယ်။
By – Zaw Zaw



