သတင်း

ကသာမှာ စစ်မှုထမ်းဥပဒေအကောင်ထည်ဖော်ဖို့နဲ့ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စစ်ကောင်စီကအစည်းအဝေးလုပ်

စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ စစ်မှုထမ်းဥပဒေအကောင်ထည်ဖော်ဖို့အပါအဝင်ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်စစ်ကောင်စီကအစည်းအဝေးတစ်ခုပြုလုပ်ခဲ့တယ်လို့ကသာမြို့ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့နေ့လည်ပိုင်းလောက်က ကသာမြို့ ရပ်ကွက် ၇ က အုပ်ချုပ်ရေးမှူးရုံးခန်းမှာ အဆိုပါအစည်းအဝေးကိုပြုလုပ်ခဲ့ကြတာလို့သိရပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကစစ်မှုထမ်းဥပဒေကတော့သူတို့ပြောနေတာကြာပါပြီ။ အခုဒီတစ်ခါကတော့ရှောင်လွဲလို့ရမှာမဟုတ်တော့ဘူး။ သူတို့အမှန်တကယ်ဒီဟာကိုအကောင်အထည်ဖော်မယ်။ တိုက်ပွဲတွေမှာကလေးတွေကိုထည့်သုံးမယ်။ မလွယ်ဘူးဗျ။ မြို့ခံတွေအတွက်အတော်လေးအခက်တွေ့စေတဲ့အနေအထားတစ်ခုပဲဗျလို့ပြောပါတယ်။

ဒါ့အပြင် အစည်းအဝေးမှာ ကသာမြို့မှာရွေးကောက်ပွဲကျင်းပနိုင်ဖို့အစီစဥ်တွေပါထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ အထက်ပါကာကွယ်ရေးတပ်ဖွဲ့ဝင်ကဆက်ပြောပါတယ်။

စစ်ကောင်စီဘက်က ကသာမြို့မှာ အခုလိုအစည်းအဝေးလုပ်ဆောင်တာဘာကြောင့်ပါလဲ။အထက်ပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်ကအခုလိုဆက်သုံးသပ်ပါတယ်။

စစ်ရေးအရကြည့်လို့ရှိရင် ဗန်းမော်မကျဖို့အတွက်ရယ် နောက်တစ်ခုကကသာမှာသူတို့ခြေကုပ်ယူပြီးတော့။ အင်အားတွေထပ်ဖြည့်မယ်။ ကသာကနေသူတို့ကဘယ်လောက်တောင်လက်ဆန့်နိုင်လဲဆိုတော့ ဖားကန့်၊မိုးညှင်းတွေအထိပါလက်တန်ကိုဆန့်နိုင်တယ်။ ပြီးရင်လက်လွှတ်လိုက်ရတဲ့ အင်းတော်တို့ကအစပေါ့နော်။ ကောလင်းဝန်းသိုတွေမှာဆိုရင်လည်းရတနာတွေထွက်တယ်။ ရွှေ၊ သစ်၊ ကျောက်တို့ပေါ့ ဒါ့ကြောင့်လည်းဒီအစီစဥ◌်တွေကိုဆွဲနေတာဖြစ်နိုင်တယ်လို့သုံးသပ်ပါတယ်။

အစည်အဝေးကိုတော့ ခရိုင်အုပ်ချုပ်ရေးမှူး၊ ရဲမင်းကြီး၊ ရဲမြို့နယ်မှူး၊ လဝကမှူး၊ စည်ပင်ဦးစီး၊ တပ်ခွဲမှူး ဗိုလ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီသတင်းအချက်လက်တွေကိုတော့ ဖရဲသီး ခေါ် စစ်သားသတင်းပေးတွေကနေတဆင့်သိရတာဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဇူလိုင် ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ မန္တလေးဂေါဝန်ဆိပ်ကမ်းနေ ကချင်ပြည်နယ်ဗန်းမော်မြို့အထိ မြစ်ကမ်းဘေးတစ်လျှောက် သူတို့စိုးမိုးထားဆဲဒေသက စစ်စခန်းနဲ့တပ်ရင်းတွေဆီ လက်နက်၊ရိက္ခာအပါအဝင်လူအင်အားနဲ့ ဆေးဝါးတွေကိုဖြည့်တင်းခဲ့ကြပြီး အဲ့ဒီထဲမှာကသာမြို့ကိုလည်းစစ်ကောင်စီက ဖြည့်တင်းထားခဲ့တာပါ။

လက်ရှိမှာတော့ စစ်သင်္ဘောတွေဟာဗန်းမော်မြို့မှာဆိုက်ကပ်ထားဆဲဖြစ်ပြီး စစ်ကောင်စီရဲ့စစ်သင်္ဘောတွေရောက်ရှိပြီးတဲ့နောက် နှစ်ဖက်တပ်တွေအကြားထိတွေ့တိုက်ပွဲတွေပိုပြီးပြင်းထန်လာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းစစ်ရေးပြင်းထန်လာတာနဲ့အမျှ ကုန်ကြောင်း၊လေကြောင်းတင်မက ရေကြောင်းကနေပါစစ်ရေးအတွက်အသုံးပြုလာတာဖြစ်ပြီး နှစ်စဥ်ဧရာဝတီမြစ်ကြောင်းအတိုင်းစစ်သင်္ဘောတွေဆန်တက်လေ့ရှိတာဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button