စကခ (၂၁) တပ်တွင်း လေယာဥ်နဲ့ချပေးတဲ့ရိက္ခာ ဈေးအဆမတန်တင်ရောင်းနေတဲ့အတွက် တပ်မိသားစုတွေ စားနပ်ရိက္ခာပိုကြပ်တည်းလာတယ်လို့ဆို
မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့ စကခ (၂၁) တပ်ထဲမှာ လေယာဉ်နဲ့ချပေးတဲ့ရိက္ခာ တွေကို ဈေးအဆမတန်ရောင်းနေတဲ့အတွက် အကျဉ်းထောင်ဝန်ထမ်းများ အခက်ခဲကြုံနေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြိီး KIA ပူးပေါင်းတပ်က ဗန်းမော်မြို့တိုက်ပွဲစတင်ချိန်ကစလို့ ရိက္ခာပို့လို့ရတဲ့ လမ်းကြောင်းအားလုံး ထိန်းချုပ်ထားတာကြောင့် စစ်တပ်ဘက်က တပ်တွင်းလိုအပ်တဲ့စားနပ်ရိက္ခာတွေကို လေယာဉ်နဲ့ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။
ဒါပေမယ့် လေယာဉ်နဲ့ပို့ပေးတဲ့ ရိက္ခာတွေကို ပြည်ထဲရေးဝန်ထမ်းတွေက စားဆီတစ်လီတာကို ကျပ် ၁၂၀၀၀၀ အထိ ဈေးတင်ရောင်းနေတယ်လို့ အကျဉ်းဝန်ထမ်းမိသားစုတွေ KNG ကို ပြောပါတယ်။
“အပြင်လည်းမထွက်ခိုင်းဘူး စားဆီလည်းမရှိဘူး။ စားဆီတစ်ဗူးကို တစ်သိန်းနှစ်သောင်းတဲ့ဝယ်စားရတာ ပြည်ထဲရေးဝန်ကြီးဌာနမှာလည်း ဝယ်စားရတယ်။ သူတို့ရောင်းပေးမှစားရတယ်။ပြီးတော့ သေနတ်လည်းမကိုင်တတ် ဒီအကျဉ်းထောင် စောင့်တဲ့တပ်သား၊ ဝန်ထမ်းတွေက အပြင်လည်းမထွက်ခိုင်း ဒါမျိုးတွေက ဒီ စကခ (၂၁) ထဲမှာ လေယာဉ်နဲ့ချတဲ့ဟာ ဝယ်စားနေရတယ်”လို့ပြောပါတယ်။
ခုလို စားဆီပါမကျန် ဈေးတင်ရောင်းနေတဲ့အတွက် အကျဉ်းထောင်စောင့်တပ်သား တွေအပြင် တပ်မိသားစုဝင်အားလုံးစားနပ်ရိက္ခာ ပိုကြပ်တည်းလာတယ်လို့လည်း သူကဆက်ပြောပါတယ်။
“ကျနော်တို့လည်း ဒီလိုသတင်းတွေက ခုနောက်ပိုင်း ခပ်စိပ်စိပ်ကြားရတယ်။ လေယာဉ်နဲ့ချပေးတဲ့ ရိက္ခာက သူတို့အတွက် မလောက်ငှနိုင်ဘူးလေ။ အဲတော့ ဈေးများရင် မဝယ်စားနိုင်တော့ သူတို့အတွက် ကျန်လို့နေမှာ”လို့ ဗန်းမော်တိုက်ပွဲမှာ ပါဝင်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဗန်းမော်အကျဉ်းထောင်သား၊သူတွေလည်း အစာအာဟာရ လုံလုံလောက်လောက် မရရှိတာ၊ကျန်းမာရေး စောင့်ရှောက်မှုမရရှိတာကြောင့် ကျန်းမာရေးထိခိုက်သူပိုများလာနေတယ်လို့ သိရပြီး အဓိက ပွေး၊ယားနာအပြင် တုပ်ကွေးအစရှိတဲ့ ကူးစက်ရလွယ်ကူတဲ့ ရောဂါအဖြစ်များတယ်လို့ သိရပါတယ်။
၈ လခန့်ကြာလာပြီဖြစ်တဲ့ ဗန်းမော်မြို့တိုက်ပွဲမှာ အစိုးရဌာနတစ်ချို့ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ပေမယ့် ရုံးကဝန်ထမ်းနဲ့ဝန်ထမ်းမိသားစုဝင်တွေဟာ စကခ (၂၁) ဝင်းထဲ အများဆုံး ခိုလှုံနေကြတာဖြစ်တယ်လို့ သိရပါတယ်။။
ဒါကြောင့် စကခ (၂၁) ဝင်းထဲကျန်ရှိနေတဲ့ တပ်တွင်းမိသားစုဝင်တွေကို ဩဂုတ်လ ၁ ရက်နေ့ရောက်ရှိလာတဲ့စစ်သင်္ဘောနဲ့ ဘေးလွှတ်ရာပို့ဆောင်ဖို့စီစဉ်တာတွေရှိနေတဲ့အကြောင်းသတင်း တွေထွက်ပေါ်နေပါတယ်။
ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး ကုန်း ကြောင်း၊ရေကြောင်းအပြင် စစ်ရေးအရ အချက်ချာကျတဲ့မြိုဖြစ်ပါတယ်။
ဒါကြောင့် စစ်တပ်ဘက်ကလည်း ဗန်းမော်မြို့လက်မလွှတ် ရေး ဒရုန်း၊ လေကြောင်းနဲ့အပြင်းထန်ခုခံ နေပေမယ့် မြို့တွင်းကလွှဲလို့ နယ်မြေအများပိုင်းကို KIA နဲ့ပူးပေါင်းတပ်က သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲ ၈ လအတွင်း နှစ်ဖက်တပ်စလုံးမှာ ထိခိုက်သေဆုံးမှုများသလို KIA ပူးပေါင်းတပ်ရဲ့ ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်က လေယာဉ် ၂ စင်း ဆုံးရှုံးထားရပြီလည်း ဖြစ်ပါတယ်။
By – CJ



