မြစ်ကြီးနားမြို့အဝင်အထွက်မှာ စစ်တပ်က စစ်ဆေးရေးဘယ်လိုတင်းကြပ်နေသလဲ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မြို့အဝင်အထွက် စစ်တပ်ဂိတ်တွေမှာ ဖမ်းဆီးစစ်ဆေးမှု ပိုမိုတင်းကြပ်လာတဲ့အတွက် ခရီးသွားပြည်သူတွေနဲ့ ဒေသတွင်းပြည်သူများ သွားလာရေးမှာ ပိုခက်ခဲလာတယ်လို့မြစ်ကြီးနား ဒေသခံတွေ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားမြို့တွင်းမှာတော့ ကား၊ ဆိုင်ကယ်ကို အဓိကဖမ်းဆီးစစ်ဆေးနေတဲ့အပြင် မြို့ဝင်၊မြို့ထွက်ဂိတ်တွေမှာလည်း မှတ်ပုံတင်၊ဖုန်း၊ခရီးဆောင်အိတ်အပြင် ပစ္စည်းဖာတွေကိုဓားနဲ့ ဖောက်ထွင်းစစ်ဆေးတာအထိ လုပ်ဆောင်လာတယ်လို့ သိရပါတယ်။
မြို့အဝင်အထွက် ဂိတ်တွေထဲမှာ မြစ်ကြီးနား – မိုးကောင်းသွားလမ်းတစ်ကြောက (၂၁) မိုင်ဂိတ်ရှဒေါင်စုပေါင်းဂိတ်အပါအဝင် စစ်ဆေးရေးဂိတ် ၃ ခုရှိပြီး၊ မြစ်ကြီးနား–ဝိုင်းမော်ဆက်ထားတဲ့ ဗလမင်းထင်တံတားဂိတ်ကတော့ တစ်ခြားဂိတ်တွေထက် ဖမ်းဆီးစစ်ဆေးမှု ပိုမိုတင်းကြပ်ထားတာဘဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဖမ်းဆီးစစ်ဆေးမှု ပြုလုပ်တဲ့နေရာအခါ သံသယရှိတဲ့သူတွေကို ကိုယ်ပိုင်ဖုန်းအပြင် ပါလာတဲ့အိတ်တွေကိုပါ အသေးစိတ် စစ်ဆေးတာဖြစ်ပြီး အမျိုးသားတွေကိုတော့ အမျိုးသမီးတွေထက် ပိုစစ်ဆေးခံရလေ့ရှိတယ်လို့ သိရပါတယ်။
ခုလိုဖမ်းဆီးစစ်ဆေးမှု ပိုမိုတင်းကြပ်လာတဲ့အတွက် ဒေသခံတွေ ဘယ်လို အခက်အခဲတွေကို ကြုံတွေ့နေရတာနဲ့ ပက်သက်ပြီး KNGကနေပြီးတော့ ဆက်သွယ်မေးမြန်းထားပါတယ်။
မြစ်ကြီးနားမြို့နယ် လူငယ်အမျိုးသမီးတစ်ဦး
“၂၁ဂိတ်အပြင် သုံးလေးနေရာလောက်မှာ စစ်တယ်။ သူတို့က ကားကိုရပ်ခိုင်းပြီး ပါဆယ်ထုတ်ထားတဲ့ဗူးတွေကို ဓားနဲ့ ထိုးဖောက်လိုက်ကြတယ်။ ကိုယ်က ဘာမှမဟုတ်ပေမယ့်လည်း သူတို့ကို ကြောက်နေရတယ်။ သူတို့ရုပ်ကိုကြည့်တာနဲ့တင် ကြောက်စရာကြီး ပြီးတော့ ကားရှေ့ကိုရောက်ပြီဆိုတာနဲ့ ချက်ချင်း သေနတ်တွေ ဓားတွေထုတ်လိုက်နဲ့လုပ်တာမျိုးတွေရှိတယ်”
မြစ်ကြီးနား ဒေသခံ အမျိုးသား လူငယ်တစ်ဦး
“အရမ်းစစ်တယ် ညဆိုအပြင်မထွက်ရဘူး။ အကုန်ဖမ်းဆီးတယ်။ တပ်ကုန်း ရွှေလမ်းဘက် ပိုစစ်တယ်။ ဒါကြောင့် ကျွန်တော်တို့တောင် အပြင်မထွက်ဘူး အိမ်မှာဘဲနေတယ်။ အခုအချိန်က လူလည်း အရမ်းပျောက်တယ်။ဟိုမှာဖမ်းတယ် ဒီမှာဖမ်းတယ်ဆိုတော့က လွတ်လွတ်လပ်လပ်သွားလို့ မရတော့ဘူး။ တကယ်လို့ ကိုယ်က မလွှဲသာလို့ သွားရတယ်ဆိုရင်တောင် အချိန်အခါကြည့်ပြီးမှ သွားရတယ်။ ကိုယ့်အတွက်လည်း မလုံခြုံဘူး”
NBPDF တာဝန်ခံ
“အခုနောက်ပိုင်းတော့ တော်တော်လေးကို တင်းကြပ်လာတယ် ဒီဘက်ဂိတ်တွေက ဗလမင်းထင်ပိုဆိုးတယ်။ဗလမင်းထင် ဂိတ်ကတော့ ကားတွေကို အဓိက စစ်ဆေးတယ်။ ကားတွေဆို အကုန်ရှာတယ်။ ၂၁မိုင်ဂိတ် စုပေါင်းဂိတ်ကနေ ရှဒေါင် စကစဂိတ်အထိ စစ်ဆေးရေးလုပ်ပုံက သတင်းရမှ ပိုက်စိပ်တိုက် စစ်ဆေးရေးလုပ်တာပါ။ ၂၁မိုင်စုပေါင်းဂိတ်ကတော့ အဓိက စစ်ဆေးရေးလုပ်တာတွေကတော့ လိုင်စင်မဲ့ကားနဲ့ လူမှတ်ပုံတင်လောက်ပါဘဲ။ သတင်းအတိအကျရရင်တော့ ပိုက်စိပ်တိုက်ပြီး စစ်ဆေးတယ်”
မြစ်ကြီးနားဒေသခံ လူငယ် အမျိုးသမီးတစ်ဦး
“ကားတွေကတော့ အဖမ်းအဆီး နည်းနည်း ပြန်ရပ်သွားပြီ ဆိုင်ကယ်တွေကတော့ မနေ့ကစပြီး ပြန်ဖမ်းနေတယ်လို့ ပြောတယ်။ ဂိတ်တွေမှာ စစ်ဆေးမခံချင်လို့ ဘယ်မှမသွားဘူး။ အိမ်နဲ့ အလုပ်နဲ့ဘဲ နားရပ်ဆိုရင်တောင် အိမ်ထဲမှာဘဲနေတယ် ဘယ်မှ မသွားဖြစ်ဘူး”
ဝိုင်းမော်မြို့အမျိုးသမီးတစ်ဦး
“အိမ်စီးကားနဲ့ဟိုနေ့က မြစ်ကြီးနားခနသွားတာ။ ကျမလွယ်ထားတဲ့ဘေးလွယ်အိတ်လည်းမကျန်ဘူး အားလုံးစစ်တယ်။ မြစ်ကြီးနား ခနသွားလည်း မှတ်ပုံတင်အမြဲဆောင်ရတယ်။သူတို့စစ်တဲ့ချိန် မှတ်ပုံတင်မပါလို့တော့ သွားပြီပဲ။ ခုနောက်ပိုင်း ပိုစစ်လာတယ်။ ၁/ ကမှတ်ပုံတင်ဆိုရင် တော့ ဘယ်သွားမယ် ဘယ်ကလာတယ်ဆိုတာမျိုးစစ်တယ် အိတ်တွေစစ်တယ်။ ကျန်တဲ့ မှတ်ပုံတင်ဆို မလွယ်ဘူး”
By – Hope



