စစ်ပြေးဒုက္ခသည်များသတင်း

နမ္မတီးမြို့မှာ ခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူ နှစ်ထောင်ကျော်အတွက် နေရာထိုင်အခင်း၊စားနပ်ရိက္ခာအကူညီလိုအပ်

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တိုက်ပွဲဖြစ်တာကြောင့် နမ္မတီးမြို့မှာ ထောင်နဲ့ချီ လာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအသောက်နဲ့ ဆေးဝါးကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

မိုးတွင်းကာလအတွင်း  စစ်ဘေး၊ ရေဘေးကြောင့် အဓိကခက်ခဲနေသူတွေဟာ နမ္မတီးသကြားစက်ဝင်းမှာခိုလှုံနေကြတဲ့ လဝါးကက်သလစ်အသင်းသူ၊သားများနဲ့ ဖားကန့် ခွမ်စိုင်ယန်ပြည်သူတွေကြဖြစ်ပြီး မိုးရေကြောင့်စစ်ရှောင်စခန်းတွင်း ရေပြည့်ရေလျှံ‌ နေတဲ့အကြား အခက်ခဲများစွာနဲ့ နေထိုင်နေကြရတယ်လို့ နမ္မတီးမြို့မှာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

အခုရေပေါ်မှာ နေနေတဲ့သူတွေက သကြားစက်ဝင်းမှာ လဝါးကက်သလစ်အသင်းသားတွေဟုတ်တယ်။ အဲဒီနေရာက မြေနိမ့်ပိုင်းဖြစ်တော့ မိုးနည်းနည်းရွာတာနဲ့ ရေပြည့်လျှံသွားပြီ။ ရေစီးသွားဖို့ မြောင်းလည်းမရှိတာကြောင့် ပိုခက်ခဲနေတာဟုတ်တယ်။ ဒီအချိန် ဒီကစစ်ရှောင်အားလုံးတူတဲ့အခက်က ရေချိုးခန်း၊ အိမ်သာအခက်အခဲရှိနေတယ်။ အစားအသောက်ခက်ခဲတယ်။ နေရာထိုင်ခင်းခက်ခဲတယ်လို့ နမ္မတီးမြို့မှာ ခိုလှုံနေသူ နမ့်ယားကစစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။   

အဲဒီသကြားစက်ရုံဝင်းထဲမှာ အိမ်ခြေရာချီရှိတဲ့အပြင် ပြီးခဲ့တဲ့လက ဖားကန့်လမ်းပေါ်က နန့်ယားကျေးရွာများမှလည်း စစ်ဘေးရှောင် ၂၀၀ ကျော်ခန့် ထပ်မံရောက်ရှိလာတဲ့အတွက် နေရာစရာတဲများ ဆောက်လုပ်နေဆဲဖြစ်တာကြောင့်  နေရာထိုင်စရာအခင်းများ ကူညီထောက်ပံ့မှုတွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။

စစ်ရှောင်တွေအတွက် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာအခက်ခဲအပြင် မိုးတွင်းကာလ ရေပြည့်ရေလျှံတဲ့ ဒဏ်ကြောင့် သောက်‌သုံးရေခက်ခဲသွားပြီး တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေက ဝမ်းပျက်၊ ဝမ်းလျှော၊ ဖျားနာမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြတယ်လို့  ပြောပါတယ်။

မိုးဆက်တိုက်ရွာရင် ရေကမြင့်တက်ဆဲပဲ။ မြေနိမ့်ပိုင်းဖြစ်တာကြောင့် ရေက အဲ့မှာပဲ ပြည့်လျှံနေတာဟုတ်တယ်။ ဖျားနာတာတွေလည်း ဖြစ်နေကြတယ်။ ဒါပေမဲ့ ဘယ်သူမဆို ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ဖြေရှင်းနေကြရတယ်လို့ နမ္မတီးမြို့စစ်ဘေးရှောင်ပြည်သူတစ်ဦးကလည်း ပြောပါတယ်။  

အလားတူ တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ မတ်လကတည်က နမ္မတီးမြို့ ကံလှကျေးရွာမှာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ လဝါးဒေသခံတချို့နဲ့ ခွမ်စိုင်ယန်၊ တနိုင်းလမ်း ရှဒူးဇွပ်ဘက်က စစ်ဘေးရှောင်တွေကလည်း ရေဘေးဒဏ်မကြုံရပေမဲ့ အစားအသောက်၊ ဆေးဝါးပစ္စည်း အကူအညီတွေ၊ နေရာထိုင်ခင်း၊ ရေချိုးခန်း နဲ့ အိမ်သာအခက်အခဲတွေ ရှိနေတာဖြစ်ပါတယ်။

ကံလှကျေးရွာမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေကလည်း ဆေးဝါးအကူအညီတွေမရရှိတဲ့အတွက် နာမကျန်းဖြစ်တဲ့ စစ်ရှောင်များသလို အဓိက သောက်သုံးရေအခက်အခဲနဲ့ ရေချိုးခန်း၊ အိမ်သာ မလုံလောက်တဲ့ အခက်အခဲတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

နမ္မတီးမြို့ လာရောက်ခိုလှုံနေကြတဲ့ ကျေးရွာအသီးသီးက စစ်ရှောင်ပြည်သူတွေ စစ်ရှောင်စခန်း ၇ နေရာမှာ ရှိနေကြပြီးတော့  မြစ်ကြီးနားဖားကန့်လမ်းမပေါ်ရှိ လဝါးကျေးရွာ၊ လဂေါင်ရပ်ကွက်၊ ခွမ်စိုင်ယန်၊ နန့်ယား၊ ဒွမ်ဘုန်း၊ ဝါရာဇွပ်၊ ရှဒူးဇွပ်နဲ့ နောင်းမီ စတဲ့ကျေးရွာတွေထဲက စစ်ဘေးရှောင်ပြည်သူတွေဖြစ်ကြပါတယ်။

ဒီနှစ်အတွင်း ဖားကန့်လမ်းတိုက်ပွဲကြောင့် နမ္မတီးမြို့မှာထပ်မံတိုးလာတဲ့ စစ်ဘေးရှောင်လူဦးရေ စုစုပေါင်း ၂ ထောင်ကျော်ခန့် ရှိတယ်လို့ စစ်ရှောင်တာဝန်ခံတွေပြောပါတယ်။

အဲဒီစစ်ဘေးရှောင်ပြည်သူတွေထဲမှာ တစ်ချို့က တိုက်ပွဲအတွင်း နေအိမ်မီးရှို့ဖျက်ဆီးခံရတာတွေ၊ တိုက်ပွဲဖြစ်နေတဲ့ ဒေသအတွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတာကြောင့် လုံခြုံရေးအတွက် စိုးရိမ်ပြီး ပြီးခဲ့တဲ့ မတ်လကတည်က နေရပ်စွန့် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် ကချင်ပြည်နယ် ကောင်စီဝန်ကြီးချူပ် ခက်ထိန်နန်ကလည်း  ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် စသဖြင့် အခြေခံစားနပ်ရိက္ခာတွေကို ၂ ကြိမ်ခန့် လာရောက်ကူညီမှု ရှိတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

နမ္မတီးမြို့မှာရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ သက်ဆိုင်ရာ အသင်းတော်အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့နေမှုနဲ့ အခြားအဖွဲ့အစည်းတချို့၊ လုပ်ငန်းရှင်တစ်ချို့ရဲ့ ပါဝင်ကူညီမှုနဲ့သာ ရပ်တည်နေကြတယ်လို့လည်း သိရပါတယ်။

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား၊ ဝိုင်းမော်မြို့တွေမှာ ၂၀၁၁ ခုနှစ်ကစပြီး စစ်ဘေးရှောင်ခဲ့ကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရာ စခန်းတော်တော်များများကို ရုပ်သိမ်းပြီး နေရပ်ပြန်လည်‌ နေထိုင်နိုင်‌ရေးကြိုးပမ်း‌နေပေမယ့် နမ္မတီးမြို့၊ ဖားကန့်မြို့တွေမှာတော့ ဒီနှစ်အတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်KIA တို့ကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လူဦးရေ ထပ်တိုးလာနေတာပဲ ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button